အခန်း ၁၂ ကျောင်း

295 29 1
                                    

< Unicode >

အပြာရောင်ရှပ်လက်တိုလေးနှင့် ပုဆိုးအနက်ကွက်လေးဝတ်ထားသော ကောင်လေးသည် မှန်ရှေ့က တော်တော်နှင့် မခွာနိုင်သေး ။ ထိုကောင်လေးဟာ ဖြစ်သလိုနေရင်တောင် ကြည့်ကောင်းလွန်းတာ ကိုယ့်ကိုယ်ကို မသိလေရော့သလား ။

" သီထွဋ် ဒီနေ့ မှန်ရှေ့က ခွာပါဦးမလား "

စံမင်းက ရွှတ်နောက်နောက်နှင့်စတော့ သူ့အားမျက်လုံးစွေကြည့်ကာ ရှက်သွားသည့်ဟန် ရယ်ပြသည် ။

" အစ်ကိုစံမင်းကလည်း.. "

" ဆိုပါဦး.. ဘယ်လိုဖြစ်လို့ ဒီလောက်ထိ ပြင်နေရတာလဲ "

ထိုမေးခွန်းအတွက် သီထွဋ်မှာ အဖြေမရှိ ။ သူသည် ရုပ်ဆင်းသွင်ပြင်ကို ဂရုစိုက်တတ်သူမဟုတ်သော်လည်း ဒီရွာရောက်မှသာ မှန်ရှေ့က မခွာနိုင်ဖြစ်နေသည်ကို သတိထားမိသည် ။ ဖြစ်နိုင်တာက အစ်ကိုစံမင်းကြောင့်ဖြစ်မည် ၊ သူက ယောက်ျားပီပီသသနှင့် ကြည့်ကောင်းနေတော့ သီထွဋ် မနာလို၍ဖြစ်နိုင်သည် ။

" ဟား..ဟား ဟုတ်ပါပြီ မင်းက ကြည့်ကောင်းပြီးသားပါကွာ အဲ့ဒီလောက်ကြီး ကြည့်ကောင်းအောင် ပြင်နေစရာမလိုပါဘူး "

သူပြောတော့ ထိုကောင်လေးက မျက်မှောင်လေးတွေ တွန့်ချိုးသွားသည် ။

" ကျွန်တော် ဒီလောက်သထားတာတောင် အစ်ကိုစံမင်းကို မမှီဘူးလေ ၊ အစ်ကိုစံမင်းနှင့် ယှဥ်ရင် ကျွန်တော့်ကို
သတိမထားမိကြတော့ဘူး "

မှန်ရှေ့မှ လျှောက်လာပြီး သူ့ဘေး၌ ဝင်ထိုင်ကာ ခပ်တည်တည်ပြောနေသော ကောင်လေးသည် လူတွေအမြင်ကို ဂရုစိုက်တတ်မှန်း မထင်ထားခဲ့ပေ။
သူထင်ထားသည်က ထိုကောင်လေးက ပတ်ဝန်းကျင်ကို အရေးသိပ်မစိုက်ဘူးဟူ၍ ။ကြည့်ရတာ သူ့အတွေးတွေမှားခဲ့ပုံပင် ။

" ကဲပါ...ပြီးပြီလား ထတော့ သွားမယ် "

" အင်း သွားမယ်လေ "

..

သီထွဋ်သည် ရွာ၏ စာသင်ကျောင်းသို့ပထမဦးဆုံး အကြိမ်ရောက်ဖူးခြင်းဖြစ်သည် ။ ကျောင်း၏ အကာအရံတံတိုင်းသည် လူ့တစ်ရပ်ကျော်မျှမြင့်သော သစ်သားတုံးကြီးများကို စိုက်ထူထားခြင်းဖြစ်သည် ။ ကျောင်းဆောင်ကြီး နှစ်ဆောင်ရှိကာ ကျောင်းဆောင်လေးပေါင်း သုံးဆောင်ရှိလေသည် ။ တစ်ဆောင်မှာ အုတ်၊ ဘိလပ်မြေများဖြင့် တည်ထားသော ကျောင်းဆောင်ကြီးဖြစ်ပြီး ပြီးစီးထားတာ မကြာသေးပုံရသည် ။ မြင့်မားသော အရိပ်ရသစ်ပင်ကြီးများဖြင့် အေးချမ်းသော ကျောင်းတော်ကြီးပင် ။
သီထွဋ်ပင် သူတက်ရောက်ခဲ့သောအထက်တန်းကျောင်းကြီးကို သတိရမိကာ ငယ်ဘဝကို လွမ်းဆွတ်မိသည် ။

ကွက်လပ်Where stories live. Discover now