အပိုင်း၃၉

Start from the beginning
                                    

    မြွေပါးကင်းပါး ဖြစ်နေမှာစိုးတာကြောင့် လိုရမယ်ရ အနားရှိ သစ်သားတုတ်အား သူ ကောက်ယူလိုက်ကာ လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ မျက်လုံးကို ရှင်ရှင်ထား၍ နီးသထက် နီးအောင် ကုပ်ချောင်းချောင်းနှင့် တိုးကပ်သွားမိတော့...

    "What the f**k"

    ဆဲရေးတိုင်းထွားသံတစ်ခုဟာ ခြုံတွင်းမှ ထွက်လာတာကြောင့် သတိပိုနေသော လင်းသန့်မောင်မှာ အလန့်တကြား နောက်သို့ ခုန်ဆုတ်လိုက်မိသည်။ 

    ဟင်... လူလား။

    အကောင်ပလောင်မဟုတ်ဘဲ လူသံကို ပီပီသသ ကြားလိုက်ရတာကြောင့် ခေတ္တငုပ်လျှိုးနေသော မိမိ၏ သတ္တိတို့ ပြန်လည်ထွက်ပေါ်လာသည်။ ခြံတံခါးကြီး ဟနေတာမို့ သူခိုးကပ်တာများလားဟုလည်း စိတ်ကထင်မိသွား၏။

    လူလူချင်း ဖြစ်တာကြောင့် အန္တရာယ်အား အကောင်လိုက် မမြင်ရသော်လည်း ကြောက်မနေတော့။ အစောပိုင်း အခြေအနေနှင့် ခြားနားစွာ ခြုံထဲရှိ သူခိုးအား ဖမ်းရန် ရှေ့သို့ အမြန်တိုးကပ်လိုက်သည်။

    ထိုစဉ် ခြုံထဲမှ ရုတ်တရက် ထလာသော လူနှင့် သူ့မေးစေ့သည် တူနှစ်ဖြာ ဂဟေဆက်လို့ လျှက်တပြက်ဆန်စွာ မိတ်ဆက်သွားကြသည်။

    ခွပ်...

    အားလားလား...

    ပူခနဲဖြစ်သွားသော အသိနောက်မှာ စူးခနဲနာကျင်မှုက အလုံးလိုက် ဆောင့်တက်လာသည်။ 

    တော်တော်နာသည်။ အုန်းသီး သို့မဟုတ် ကျောက်ဆောင်တစ်ခုနှင့် ဆောင့်မိသည့်အလား တနင့်တပိုးကြီး ခံစားလိုက်ရသည်။ သူ၏ အပေါ်သွားနှင့် အောက်သွားသည် ဘာအစာမှ ကြားမခံဘဲ လေကိုသာ တစ်ချက်ပြင်းပြင်း ဝါးလိုက်ရတာကြောင့် အတော်စိတ်ဆိုးသွားမည်ထင်။ သွားကျွတ်ထွက်ပြီး သွေးများတောင် ထွက်လာပြီလားဟု လက်နှင့်တို့၍ စစ်ဆေးကြည့်ရသည်။

    "အား...ကျွတ် ကျွတ်"

    သူတင်မဟုတ်... ခေါင်းအား ထိုးကျွေးမိသော ရှေ့ကလူခမျာလည်း နဖူးအပေါ်ပိုင်း ငယ်ထိပ်နေရာကို လက်ဖြင့်ဖိကာ ညည်းညူနေလေ၏။ အတန်ကြာသည်အထိ ခေါင်းပြန်ထောင်မလာပုံကို ထောက်ရလျှင်ဖြင့် ထိုသူလည်း အတော်အီစလံဝေသွားသည်နေမည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now