Unicode
Chapter One
ကျမ ရဲ့ စာသင်နှစ် နောက်ဆုံးနှစ် မတ်လကုန်ပိုင်း အချိန် .. ဝူရှီ မှာ ရှိတဲ့ စာရင်းရုံး တစ်ခု၌ အလုပ်သင် ကာလ ပြီးဆုံးပြီးနောက် ကျမရဲ့ ကျောင်းရှိရာ နန်ကျင်း သို့ ပြန်လာခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် ကျမက အိမ်မှာ အိပ်လိုက် စားလိုက် နဲ့ လပ်လျားလပ်လျား ဖြစ်နေတော့ ကျမအမေရဲ့ မိခင်မေတ္တာတွေလည်း ခမ်းကုန်ပြီ ထင်ပါရဲ့။ ဒါတောင် နန်ကျင်းကို မပြန်ခင်မှာ ရေခဲသေတ္တာကို နောက်ဆုံးအကြိမ် မောင်ပိုင်စီးခဲ့ ပါသေးသည်။
ကျမ ကားပေါ်မှာ ကတည်းက အဆောင်အတူနေ သူငယ်ချင်းများထံသို့ စာပို့ ထားလိုက်သည်။ (ဖရဲသီးလေး နန်ကျင်းကို ပြန်လိမ့်လာပါပြီနော်.. နင်တို့အားလုံး ငါ့ကို အပေါက်ဝမှာ လာကြိုပေးကြ)
ဆယ်မိနစ်လောက် ကြာပြီးမှ .. စစ်ကျင်း ထံမှ ပြန်စာ ရောက်လာ၏။ (ဘယ်သူကြီးလဲ .. ငါ မသိဘူး)
ကျမ ရယ်ဟားလိုက်မိပေမဲ့ .. (အေးပါ .. ထားလိုက်တော့၊ ငါ့ကို သနားပါဦးဟယ်။ လက်တစ်ဖက်က ကြက်တစ်ကောင်ဆွဲပြီး၊ နောက်တစ်ဖက်က ဘဲတစ်ကောင် ဆွဲထားရတာ.. လေးလွန်းလို့ပါ။ ငါ ဒါတွေကို ကားပေါ်မှာပဲ ထားပစ်ခဲ့ရမှာလားပြော..)
ဒီတစ်ခါမှာတော့ သူတို့ဆီက ပြန်စာများ ရောက်လာဖို့ ဘယ်လောက်မှ မစောင့်လိုက်ရ..
စစ်ကျင်း ..(ဪ .. ငါ့အသည်းလေးပဲ .. နင် ပြန်လာပြီပေါ့လေ.. ကျောင်းပေါက်ဝမှာပဲ စောင့်နေ .. နည်းနည်းလေးတောင် မရွှေ့ နဲ့ .. ငါ ကိုယ်တိုင်ကိုယ်ကျ လာကြိုမယ် )
ရှောင်ဖုန်း ..(ဖရဲသီးလေးရေ .. ငါနင့်ကို လွမ်းနေတာပါနော် .. နင့်ကို မတွေ့ရတဲ့ ဒီရက်တွေမှာ ငါ့အတွက် ဘယ်လောက်ခက်ခဲလွန်းလဲ နင်သိရဲ့လား။ အခု .. ငါတို့ အတူတူ စားသောက်ပြီး ပျော်လို့ ရပြီပေါ့ )
.. ဘယ်လိုတောင် ကြက်သီးထစရာကောင်းလောက်အောင် တက်ကြွနေကြသလဲပဲ..
တက္ကစီ ပေါ်မှ ဆင်းချိန်တွင် ကျောင်းဂိတ်ပေါက်ဝ၌ သံသယဖြစ်ဖွယ် စုဝေးနေကြသော လူအုပ်စုလိုက်ကြီးကို လှမ်းမြင်လိုက်ရ၏။ ကျမရဲ့ အဆောင် အတူနေ သူငယ်ချင်းများမှာ ကျမအပါအဝင် အားလုံး ၆ ယောက်။ အခုတော့ ဒီနေရာမှာ စုဝေးနေကြတာ ၉ ယောက်တောင်မှ ၊ မိန်းကလေး ၅ ယောက် နှင့် ယောကျ်ားလေး ၅ ယောက်..
YOU ARE READING
Blazing Sunlight (Completed)
General Fictionကိုယ့်ရဲ့ နေရောင်ခြည်လေးကို ရေးတဲ့ စာရေးသူရဲ့ စာအုပ်တွေထဲက တစ်အုပ်ပါပဲ။