"ကျွန်မသိပါတယ် ကိုခန့်၊ ဒါပေမဲ့ ကျွန်မစွမ်းသလောက် ဖုံးကွယ်ထားခွင့်ပြုပါ"
"ခင်က ဘယ်အတိုင်းအတာထိ စွမ်းနိုင်မှာတဲ့လဲ"
သူမပြုံးလိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ကို ရှိုက်လိုက်ရင်း
"ဘယ်သူသိနိုင်မလဲ တစ်သက်လုံးလည်း ဖြစ်ရင်ဖြစ်မှာပေါ့"
ထမင်းစားခန်းထဲမှ ထထွက်သွားသော ကိုခန့်ကျောပြင်ကို ကြည့်၍ သူမစိတ်တို့ မွန်းကြပ်လာရသည်။ ကိုခန့် ဘယ်လိုခံစားရမည်ဆိုတာကို သူမ ကောင်းကောင်းကြီး သိနားလည်ပါသည်။ သို့ပေမဲ့ နှစ်သိမ့်ပေးခြင်းသော်လည်းကောင်း၊ စောင့်ဆိုင်းစေခြင်းသော်လည်းကောင်း သူမ မပြုနိုင်ပေ။
အတ္တကြီးတယ်ပဲဆိုဆို... တစ်ကိုယ်ကောင်းဆန်တယ်ပဲဆိုဆို... ခေါင်းမာတယ်ပဲဆိုဆို... အို ဆိုချင်တာသာ ဆိုပါလေတော့။ ခွင့်လွှတ်ပါလို့ ကိုခန့်ကို ကျွန်မ မတောင်းဆိုချင်ဘူး။ ကျွန်မတို့နှစ်ယောက်လုံးက တစ်စုံတစ်ယောက်ဆီမှာ အပြစ်သားတွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပြီးပြီမို့။
မဟော့်ဆီမှာတော့ ထပ်ပြီး အပြစ်သားတစ်ဦးလိုမျိုး မနေပါရစေနဲ့ ကိုခန့်ရယ်။ ဆူးချွန်ချွန်ကို ရင်မှာပိုက်ပြီး မဟော်မသိနိုင်တဲ့ အခြားတစ်ဖက်မှာ ကျွန်မကိုယ်ကျွန်မ တစ်သက်တစ်ကျွန်း အကျဉ်းချရင်း ရှင်သန်လိုက်ပါတော့မယ်။
°°°°°°°°
"ဒေါ်နန်းရေ... ဦးဘမောင်ကြီးတစ်ယောက် ဘယ်ရောက်နေလဲ မသိဘူး၊ တွေ့မိသေးလား"
ခြံထဲတွင် ရှိနေကျ ဦးဘမောင်အား ရှာမတွေ့သဖြင့် အိမ်ထဲသို့ ပြန်ဝင်ရင်း ကျူးရင့်သာ ဒေါ်နန်းကို အော်မေးလိုက်သည်။ ဒေါ်နန်းက သူမခေါ်သံကို ကြားလို့ထင်သည်။ ထမင်းစားခန်းထဲမှ ခပ်သုတ်သုတ် ထွက်လာ၏။
"သမီးကျူး... ဒေါ်နန်းကို ခေါ်သလား"
"ခြံထဲမှာ ဦးဘမောင်ကို မတွေ့လို့ ဒေါ်နန်းကို တွေ့မိသလားလို့ မေးတာ"
"မနက်က မောင်ခန့် သူ့အလုပ်ကို ခေါ်သွားတယ် သမီးရဲ့"
"ဒါဆို ဒုက္ခပဲ... ကျူး အပြင်သွားမလို့ ဘယ်လိုလုပ်ရပါ့"
အပိုင်း၃၅
Start from the beginning