"ဒီနေရာ မဟုတ်ဘူးဆိုရင်...ငါတို့ အခု ဘာဆက်လုပ်ကြမလဲ ..."

ရဲတွေရော သူတို့ပါ အကြံမရတော့။ မကြာခင် ဒီနေရာကို တခြားဌာနတွေက ရဲအဖွဲ့တွေလည်း ရောက်လာကြတော့မည်။ ဒါပေမယ့် နေရာက မှားနေဆဲ။ အိမ်ထဲကနေ အကုန်လုံး ပြန်ထွက်လာခဲ့ကြလေသည်။ အပြင်ရောက်တော့မှ မိုင်းက တစုံတရာကို ကြားသွားပြီး ခေါင်းကိုဆတ်ခနဲ လှည့်လာ၏။

"ဒါ ...ဒီအသံ ..."

"ဘာလဲ မိုင်း ...ဘာအသံလဲ ..."

"ငှက်တွေ အော်နေတဲ့ အသံစူးစူးတွေ ...ဒီအသံ ဘယ်ကလာတာလဲ ..."

ဒီအချိန်မျိုးမှာ ငှက်အော်သံတွေကို အာရုံရောက်နေတဲ့ မိုင်းအား သူတို့လည်း နားမလည်နိုင်တော့။

"ဘာဖြစ်လို့လဲ ငှက်အော်သံက ..."

"ငါ ဆန်းနဲ့ စကားပြောတုန်းက ဖုန်းထဲကနေ ဒီအသံတွေကို ကြားခဲ့ရသေးတယ် ..."

"ဟမ် တကယ်လား အဲ့ဒါဆိုရင် ဒီနားတဝိုက်မှာများ ဖြစ်နေနိုင်မလား ..."

ကောင်းသစ်လွင်က ပြောလိုက်‌သည်။ အကုန်လုံး  ရပ်ပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ကြ၏။ အချိန်က ညနေစောင်းလုလု။ မကြာခင် မှောင်စပျိုးတော့မည်။ ပတ်ဝန်းကျင်တစ်ခုလုံးက လူနေအိမ်ခြေတွေနဲ့ ဝေးလွန်းနေပြီး သစ်တောတွေနဲ့သာ ပိုနီးနေပါ၏။
ဒီလိုနေရာမျိုးမှာ နောက်ထပ် အိမ်တစ်လုံးက ရှိနေနိုင်ဦးမည်လား။ ဒါက မသေချာပေ။ ဒါမှမဟုတ် ဖုန်းထဲက အသံစူးစူးတွေသည် အခုကြားနေရတဲ့ အသံတွေမဟုတ်ဘဲ သူနားကြားမှားတာမျိုးလည်း ဖြစ်နေနိုင်သည်။

"ဟာကွာ  ..."

လူက ပို၍စိတ်ရှုပ်လာရပြီး အတွေးတွေကလည်း များလာခဲ့ရသည်။

"ငါ ငါ ဆန်းလေးကို ရှာမတွေ့ခဲ့ရင် ဘယ်လိုလုပ်ရမလဲ ...ငါ ဘာမှ မတွေးနိုင်တော့ဘူး ...ဒီထက်အချိန်တွေ ပိုကြာသွားရင် သူ့မှာ အန္တရာယ်ရှိနေနိုင်တယ် ...ငါဘယ်လို လုပ်ရမလဲ ..."

သူငယ်ချင်းတွေကို သူပြောနေမိ၏။ အရူးတစ်ယောက်လိုမျိုး။

"ငါတို့ အားလုံးကြိုးစားရှာနေကြတာပဲ ...သူ့ကိုငါတို့ ပြန်တွေ့မှာပါ မိုင်းရယ် နော်..."

သဏ္ဍာန်ဆန်းWhere stories live. Discover now