"သား Daddyကို နမ်းမယ်မို့လားဟင်"

  ရီကျန့်က ခေါင်းမညိတ်၊ ရီပေါ်က ပြုံး၍ တစိမ့်စိမ့်ကြည့်သည်။ နောက်ထပ် ပါးလေးတိုးပေးကာ.....

  "ပါပါးက Daddyကို ဘယ်တော့မှ မခေါ်ရဘူးတဲ့"

  သားက စကားပြောဖော်ရလာပြီ။ သားရဲ့ စကားတွေကို ဂရုမစိုက်ဘဲ ဝမ်းသာလှိုက်လှဲစွာ သူ ရယ်လိုက်မိသည်။ ပြီးတော့ ပီကေကို လျှာနဲ့လှည့်ကစားပြီး သားကို စူးစိုက်ကြည့်သည်။

  "သား ပါပါးက Daddyကို စိတ်ဆိုးနေတာ၊ ဘာပြောပြောကွာ သားက Daddyကို မစိမ်းကားနဲ့နော်၊ Daddyနဲ့တွေ့ရင် စကားတွေ ပြောရမယ်၊ လိုချင်တာတွေ စားချင်တာတွေ အားလုံးပြော၊ ခုရော ဘာစားထားလဲ၊ ဘာစားမလဲ၊ Daddy ဘာဝယ်လာရမလဲ"

  "ပီကေ စားချင်တယ်"

  "ဘယ်လို"

  ထပ်မေး၍ ရီပေါ်က ရယ်သည်။ သားလေး ပါးကိုနမ်း၍ မမြင်ဖူးခဲ့သလို သေချာကြည့်မိပြန်သည်။ မျက်တောင်ကော့ကော့တွေက ကျန့်ကျန့် မျက်တောင်လေးတွေ ယူတပ်ထားသလိုပါပဲ။ ပြီးတော့ မျက်နှာကျပုံ၊ နှုတ်ခမ်းထောင့်ချိုးလေးတွေ ချွန်​နေပုံကအစ သူနဲ့ တူနေပြန်သည်။ ဘာစားချင်သလဲဆိုတော့ "ပီကေ" တဲ့။

  "သားက ပီကေ ကြိုက်လား"

  ရီကျန့်က ခေါင်းလေးညိတ်ပြပြီး သူ့ပခုံးနှစ်ဖက်မှာ လက်ဖဝါးလေးတွေ လှမ်းတင်လိုက်ကာ.....

  "Daddyစားတဲ့ ပီကေ စားချင်တယ်"

  "ဟား...သားက ချစ်ဖို့ကောင်းလိုက်တာ"

  သူ သားလေးကိုယ်ကို တင်းခနဲ ဖက်ပစ်လိုက်လျှင် သတိထားလိုက်မိသည်က သူ့လည်ပင်းကို သားက ပြန်ဖက်လိုက်ခြင်းပါ။ သားဆီမှ အသိအမှတ်ပြုခြင်းကို သူ ရရှိလိုက်ပြီ။ တကယ်ပါ။ သားလေးကို ထိတွေ့ခေါ်ပြောဖူးခြင်း မရှိသေးခင်ကတည်းက သားဆိုသော ပီတိကို ကြိတ်မှတ်မက်မောခဲ့မိသည်။

  ရင်ခွင်ထဲမှာ ပိုက်ပွေ့၍ သား၏ ပါးပြင်လေးတွေကို မွှေးကြူလိုက်မိသောအခါ အမြဲတမ်း မွှေးနေချင်သည်။ မလွှတ်တမ်း ဖက်ထားချင်သည်။ ကိုယ့်သားလေးပါလားဆိုသည့်အနေနှင့် ပိုင်ဆိုင်ချင်လာသည်။ တစ်ဆက်တည်းမှာ သားလေးကို ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ဂရုမစိုက်ချင်သည့် ဆုံးဖြတ်ချက်တွေ ပို၍ ခိုင်မာလာသည်။

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now