"ဘယ်နေရာမှာ ပျောက်သွားတာလဲ ..."

"အလုပ်က‌နေ ဂေဟာအပြန်မှာလို့ ကြားတယ် နေရာ အတိအကျ မသိသေးဘူး ...အခု ငါရော ရဝေရော သူ့ဖုန်းကို ဆက်တိုက်ခေါ်နေတာပဲ ...ကိုင်မယ့်သူ မရှိဘူး ...ဂေဟာကို ပြန်တဲ့ လမ်းတလျောက်မှာ လိုက်ရှာရတော့မှာပဲ ..."

နီနီတစ်ယောက် ရင်ဖိနေရသည်။ စိတ်ပူနေမှုက နှစ်ယောက်လုံးဆီမှာ။

"သူပြန်ပေးဆွဲ ခံရတာလား ..."

"ပြန်ပေးဆွဲရအောင် ဆန်းမှာ ဘာပိုင်ဆိုင်မှုတွေ ရှိနေလို့လဲ ...အလစ်သမား လုယက်သူတွေ ဆိုရင်တော့ နေရာမှာတင် သူ့ကို တိုက်ခိုက်သွားတာမျိုး ဖြစ်နိုင်တယ် ...နင် ရဲစခန်းကိုသွားပြီး တိုင်ချက် သွားဖွင့်ထားလိုက် နီနီ ...ငါသွားပြီ ..."

"အေး အေး ...ငါအခု သွားလိုက်မယ် ..."

"သူနဲ့ အဆက်အသွယ်ပြတ်သွားတဲ့ နေရာကို ငါတို့ ရှာတွေ့ရင် နင့်ဆီ လှမ်းအကြောင်းကြားလိုက်မယ် ..."

"အေး ..."

"ဪ ပြီးတော့ ..."

လှည့်ထွက်သွားရန် ပြင်လိုက်ပြီးမှ ကောင်းသစ်လွင်က ပြန်လှည့်ပြောလိုက်‌တာက ...

"မိုင်း အခု ရရာလေယာဉ်နဲ့ ချက်ချင်းပြန်လာမယ်လို့ ပြောတယ် ...မနက်ဖြန်လောက် ရောက်လိမ့်မယ် ..."

"ဟယ် ချက်ချင်းကြီး ထပြန်လာတာလား ..."

"ရဝေဆီ ဖုန်းဆက်နေထဲက ပြန်လာမလို့ လေယာဉ်လက်မှတ်ဝယ်ဖို့ လုပ်နေတာတဲ့ ..."

"ဖြစ်ပါ့မလား သူ့အဖေက ..."

"အဲ့ဒါတော့ မသိဘူး ...နောက်ကိစ္စ နောက်မှ ရှင်းရတော့မှာပေါ့ ...အခုက သူ့အတွက် ဆန်းလောက် အရေးကြီးတာ ရှိဦးမလား ..."

ဒါလည်း ဟုတ်သည်။ ဆန်းက ရုတ်တရက်ကြီး ပျောက်သွားမှတော့ မိုင်း ဘယ်လို ငြိမ်နေနိုင်မှာတဲ့လဲ။

"နီနီ နင် အဖေ့ကို သေချာရှင်းပြလိုက်တော့နော် ...တော်ကြာ ငါ့ကို ဒီအချိန်ကြီး အပြင်ခိုးထွက်တယ်ဆိုပြီး ပြောနေဦးမယ် ..."

"အင်းပါ ငါပြောလိုက်မယ် ..."

ကောင်းသစ်လွင်က ခြေလှမ်းသွက်သွက်နဲ့ အိမ်အောက်ထပ် ဆင်းသွားလေပြီ။ နီနီလည်း အဝတ်အစား မလဲဖြစ်‌တော့ပေ။ ဖုန်းနဲ့ ကားသော့ကို ပြေးယူပြီး ဖခင်ဖြစ်သူ အခန်းဘက်ကို ထွက်လာခဲ့ရ၏။ ခွင့်ပြုချက် တောင်းရဦးမည်လေ။ သိပ်အချိန်ကြာကြာ မယူလိုက်ရပေ။ အရေးပေါ် အခြေအနေမို့ ခွင့်ပြုချက်က မြန်ဆန်စွာ။

သဏ္ဍာန်ဆန်းWhere stories live. Discover now