"ဖြစ်လာနိုင်ခြေရှိတာအားလုံးကို အလေးမထားလို့မရဘူး၊ တရား ဥပဒေရယ်၊ လူမှုပတ်ဝန်းကျင်ရယ်၊ ပြီတော့ ခုနပြောသလို ဆက်သွယ်ပတ်သက်မှုတွေ အားလုံးကိုလဲ ဂရုမစိုက်လို့မရဘူး၊ လူကြီးတွေက လူငယ်တွေရဲ့ ဆန္ဒကို လိုက်လျောချင်တယ်၊ လိုက်လျောခဲ့ပြီးပြီ၊ ခုလဲ တားဆီးနေတာ မဟုတ်ဘူး၊ လမ်းညွှန်တဲ့ သဘောပဲ၊ လူလေးရော၊ သားကျန့်ရော၊ စဉ်းစားကြပါ၊ ကလေးမျက်နှာကလဲ ရှိသေးတယ်လေ"

  "ကျန့်ကျန့်...ကိုယ်တို့ ခဏဆွေးနွေးရအောင်"

  လူကြီးနှစ်ယောက်ရှေ့ကနေ ယွီပင်းက ရှောင်ကျန့်ကို ခေါ်ထုတ်လာခဲ့သည်။ ခြံထဲထိလည်း မဆင်းဖြစ်ဘဲ နောက်ဖေးအဆင်းလေးမှာ နှစ်ယောက်မျက်နှာချင်းဆိုင် ရပ်လိုက်မိကြ၏။

  "ကျန့်ကျန့်"

  "ရီပေါ်ကိုမြင်လိုက်တော့ ကျန့်ကျန့် ရင်ထဲမှာဘယ်လို ဖြစ်သွားလဲဟင်၊ ကိုယ်က သဝန်တိုလွန်းလို့ မေးတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့်..."

  ယွီပင်းက စကားခဏရပ်၍ သက်ပြင်းချသည်။

  "သူ့လိုလူက မရမကဖြစ်လာရင် ဘယ်သူမှ ကြာရှည်တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်စိတ်ဖြစ်မိတယ်၊ အဲဒါလဲ ကျန့်ကျန့်ကို အထင်သေးတာမဟုတ်ဘူး"

  သူ စိတ်ရှုပ်ထွေးစွာ သက်ပြင်းချမိပြန်သည်။

  "ဝမ်ရီပေါ်ဟာ ကိုယ်တို့လိုကောင်တွေ ဘယ်လိုမှ လိုက်မမီနိုင်တဲ့ စွမ်းအားတွေ ရှိတယ်၊ ဂရုမစိုက်တတ်တာ၊ မကြောက်တတ်တာ၊ ပြည့်လျှံမို့မောက်နေအောင် ချမ်းသာတာ၊ ပြီးတော့ သူ့ ရုပ်ရည်၊ အားလုံး သူ့ကို ဘယ်သူမှ မလှဉ်နိုင်ဘူး"

  "ယွီကော လိုရင်းကို ကျွန်တော် သိချင်တယ်၊ ဘာကိုပြောချင်တာလဲဟင်၊ အထက်ပါအရည်အချင်းများကြောင့် အရှုံးပေးလိုက်ပါပြီလို့ ကြေညာတာလား"

  "မဟုတ်ဘူး"

  "ကျွန်တော် သူ့အပေါ် စိတ်ယိုင်သွားပြီလို့ ထင်နေတာလား"

  "မထင်ပေမယ့် စိုးရိမ်တယ် ကျန့်ကျန့်ရာ၊ အဲဒါ ကိုယ့်ကို ခွင့်လွှတ်ပါ၊ ဝမ်ရီပေါ်နဲ့ အားလုံးမတူကြတာ အဲဒါပဲ၊ အခု သူ မိုက်ရိုင်းခဲ့တာတွေအတွက် သူ့မှာအပြစ်ရှိတယ်လို့ သူမသတ်မှတ်ဘူး၊ တားဆီးရဲတယ်၊ ချုပ်ကိုင်ဖို့ကြိုးစားရဲတယ်၊ ကိုယ်ကျတော့ စိုးရိမ်နေရတယ်၊ သွေးကြောင်တာ မဟုတ်ပါဘူး၊ ရီပေါ်ကို ကျန့်ကျန့် သိပ်ချစ်ခဲ့တယ်ဆိုတဲ့ အဖြစ်က ခြောက်လှန့်နေတာ"

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now