ဖုန်းနံပါတ်ဟာ ပြည်ပနံပါတ်တစ်ခု။ တမင် အကြံအစည်နဲ့ ရန်စလိုက်ပြီ ဖြစ်ကြောင်း သံသယဝင်စရာပင် မရှိ။ ဝဏ္ဏအောင် ချက်ချင်း ဖုန်းခေါ်လိုက်ပါသည်။

"ဟဲလို ..."

အသံကို ကြားလိုက်ရုံနဲ့ ဆီဇာနေရဇ္ဇရဲ့ မျက်နှာကို ပြေးမြင်မိသွားတဲ့အထိ။ တလောကလုံး ဘယ်သူပဲ လာယှဉ်ယှဉ် အနိုင်ယူပစ်မယ်ဆိုတဲ့ ထီမထင် မျက်နှာဘေးမျိုး။

"ဆီဇာနေရဇ္ဇ ...မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ ..."

သူ့စကားကြားတော့ ဆီဇာနေရဇ္ဇလည်း သူဘယ်သူ ဘယ်ဝါဖြစ်ကြောင်း သိနိုင်ပါမည်။

"အိုးဟိုး ဝဏ္ဏအောင်ပဲ ...အဟက် ..."

"မင်း ငါ့ကောင်မလေးနဲ့ ဘာလုပ်တာလဲ ..."

"ဘာလုပ်တာလဲဆိုတာ အသေးစိတ် ပြောပြရဦးမှာလား ...ပုံတွေ ကြည့်ရုံနဲ့ မင်းသိနိုင်မယ်လို့ ငါက ထင်ထားတာ ..."

တဖက်က ဆီဇာနေရဇ္ဇသည် သူ့ကို လှောင်ပြောင်နေပါသေးသည်။

"ငါစိတ်မကောင်းပါဘူး ဝဏ္ဏအောင် ...မင်းချစ်သူက အရင်လာပြီး ဆွဲဆောင်လို့ ငါလည်း ပါသွားမိတာ ..."

ဆီဇာနေရဇ္ဇဟာ စကားပြောလိုက်တိုင်း ရယ်မောသံ စွက်နေလျက်။ ဝဏ္ဏအောင်မှာတော့ ဒေါသစွက်နေတာမို့ အသံကမာ၍ ကျယ်၏။

"မင်း တမင်လုပ်တာ ငါ့ကို ...မင်း ..."

"သိပ်သေချာတာပေါ့ ...ငါက အကြောင်းမရှိဘဲနဲ့တော့ တွေ့ကရာ မိန်းမတွေနဲ့ ဘယ်အိပ်မလဲ ...ငါလိုလူကလေ ..."

"မင်းငါ့ကို သက်သက် ရန်စလိုက်တာပဲ ဆီဇာနေရဇ္ဇ ...မင်းက ရန်စကို အသစ်ထပ်ပြင်လိုက်တာ ..."

"နိုး နိုး ...ရန်စကို အသစ်ပြန်ပြင်တာ ဘယ်ဟုတ်မလဲ ...မင်းငါ့ကို အရင်ရန်စသွားတဲ့ ကိစ္စကို ငါမကျေနပ်လို့ ပြန်လုပ်တာပဲလေ ...ဒါက ငါအရင်စတာမှ မဟုတ်တာ ...မင်းအရင်လေ ..."

ဝဏ္ဏအောင် ပြန်တွေးမိသွားသည်။ သူအရင်စခဲ့တာတဲ့လား။ ဒါက ကြာသွားပြီပဲ။ အမှုတောင် အပြီးပြတ်နေခဲ့ပြီ။ အခုထိ ဒီတစ်ယောက်က တေးထားတုန်းတဲ့လား။ ဆီဇာနေရဇ္ဇတို့ အငြိုးကြီးတာ သိပေမယ့် ဒါကတော့ ပိုနေသလိုပင်။
ဘာမဟုတ်တာလေး တစ်ခုအတွက် ဒီလောက်ထိ အငြိုးအတေး ကြီးစရာ လိုအပ်နေလို့လား။
သူတို့အုပ်စုရဲ့ သူငယ်ချင်းဆိုတာကို ပါးပါးလေး ဒုက္ခပေးခဲ့မိတာကိုလေ ...။

သဏ္ဍာန်ဆန်းWhere stories live. Discover now