ဒီအဖြစ်တွေထဲမှာ ယွီလင်းလည်း သူ့ကို ရွေးတော့မည်ဟု ဆုံးဖြတ်ပြီးသား။ ဆုံးဖြတ်ပြီးသော်လည်း သူ့ကို အဖြေပေးဖို့ကျတော့ စိတ်တိုင်းမကျတာတွေ ရှိနေခဲ့ပြန်သည်။ တကယ်ဆို ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို မြတ်နိုးပိုးပန်းကြတာ အချိန်မှန်ရောက်လာရုံပဲလား။

  သူ့ကို ညနေကျမှ မြင်ရသည်။ ပို့ပေးပြီး အိမ်ထဲဝင်ပါဦးဆိုတာတောင် ဝင်ချင်မှဝင်ပြီး ဒီပြင်အချိန်တွေမှာ သူ့မျက်နှာကို မမြင်ရပါ။ ပြီးတော့ ဖုန်းဆက်ဖော်မရတာ အဆိုးဆုံးဖြစ်သည်။ သူနဲ့ ပတ်သက်ပြီး မားကိုယ်တိုင်က တားဆီးတင်းကြပ်ထားတာ ဘာမှမရှိ။ အိမ်မှာ လွတ်လပ်စွာ ဝင်ထွက်လို့ရသည်။ သူ ပို့မယ် ကြိုမယ်ဆိုလို့ အိမ်ကကားကိုတောင် ရုတ်သိမ်းပေးခဲ့တာပဲ။

  ဒါနဲ့တောင် သူ့ပုံစံက ကိုယ့်အပေါ် ဂရုတစိုက်ပျာပျာသလဲ သိပ်မရှိတာကို စိတ်က ခံစားမိနေသည်။ ပြီးတော့ စကားပြောတိုင်း အနိုင်လုတာမဟုတ်သည့်တိုင် အရှုံးမပေးတတ်ပေ။ ချစ်ပါတယ်လို့ပြောပြီး အဖြေတောင်းတော့ လေသံက ပြန်ချစ်ဖွယ်မရှိ။

  ယွီလင်းမျက်နှာလေး တင်းသယောင်ဖြစ်လျက် နှုတ်ဆိတ်သွားတာကို ရီပေါ်သိသည်။ ကားကို လမ်းဘေးတစ်နေရာသို့ ဆွဲချလိုက်ပြီး.....

  "ဘာဖြစ်သွားတာလဲ"

  ယွီလင်းက လှည့်မကြည့်ပါ။ မျက်ဝန်းလေးကသာ သူ့ဘက်သို့ ခပ်စောင်းစောင်း ရွှေ့လျက်.....

  "ဘာမှမဖြစ်ဘူး ဆက်မောင်း"

  "ကိုယ်က စိတ်ကောက်ရင် မချော့တတ်ဘူး တော်ကြာ မချော့တတ်တာကို ကြံဖန်စိတ်ကောက်နေမှာစိုးလို့"

  ယွီလင်းက ဖျတ်ခနဲ လှည့်ကြည့်သည်။ ဒီတစ်ခါ မျက်စောင်း တကယ်ထိုးပစ်၍.....

  "မချော့တတ်ဘူးဆိုတာ ရှိလား၊ စိတ်ဆိုးနေလား မဆိုးပါနဲ့ကွာ ဆိုတာမျိုး၊ ငိုမနေပါနဲ့ ကိုယ်တောင်းပန်ပါတယ်၊ တိတ်ပါ ဆိုတာမျိုးရော ဒါလေးတောင် မပြောတတ်ဘူးလား၊ ဟွန်း...ငိုနေရင် တိတ်ပါလို့ပြောတတ်ရမှာပေါ့၊ ဝမ် စကားပြောတာ သိပ်မုန်းဖို့ကောင်းတာပဲ"

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now