16

4.9K 618 17
                                    

ရှောင်းကျန့် ရှေ့မှာရှိနေတဲ့ကြေးမုံပြင်ထဲကလူကို ငေးကြည့်နေတယ် ။

တန်ဖိုးအမြင့်ဆုံးပိုးထည်ကို ညအိပ်အဖြစ်ချုပ်ထားတဲ့အဝတ်က ကိုယ်ပေါ်မှာရှိနေပြီး ထိုအဝတ်အောက်မှာဖုံးထားတဲ့အနီရောင်အမှတ်တွေက အခုထိပူနွေးနေတုန်းပဲ ။

မထုံးသင်ရသေးတဲ့ဆံသားတွေက ကျောပြင်ပေါ် ဖြာကျနေရင်း အနည်းငယ်ပွယောင်းနေတယ် ။ မှန်ထဲကအရိပ်ဟာ အဆင့်မြင့်သခင်တစ်ယောက်လိုပုံစံ ဖြစ်နေပေမဲ့ တစ်ချိန်တည်းမှာပဲ အဲ့လိုမဟုတ်ကြောင်းပေါ်လွင်နေတယ် ။

အပြင်လောကနဲ့မသက်ဆိုင်စွာ ရှောင်လျဲန်အဆောင်တစ်ခုတည်းကွက်ပြီး တိတ်ဆိတ်နေတယ် ။

လက်ထဲကိုင်ထားမိတဲ့အရာကို သူငုံ့ကြည့်လိုက်တယ် ။ တစ်ဖန် ကြေးမုံထဲကလူရဲ့ မျက်နှာကို ပြန်ကြည့်မိတော့ သူ တစ်ချက်ရယ်လိုက်မိတယ် ။

စည်တော်သံကိုကြားလိုက်တဲ့အခါ ကြေးမုံပြင်ထဲကလူရဲ့မျက်နှာမှာ ​မျက်ရည်တစ်စက် ဖြည်းညင်းစွာလှိမ့်ဆင်းလာတယ် ။ တကယ်မဟုတ်ပေမဲ့ လူတွေရဲ့ရယ်သံကို နားမှာကြားနေရသလိုပဲ ။ သူကလွဲ အားလုံးပျော်နေကြတယ်ထင်တယ် ။

ဒီနေ့က တိုင်းပြည်ရဲ့မင်္ဂလာပွဲ.. တစ်နည်း ၊ သူချစ်မြတ်နိုးတဲ့ဝမ်အရှင်နဲ့ သူ့မိဘုရားတို့ရဲ့ လက်ထပ်ပွဲနေ့ ။

နန်းတော်ထဲရောက်ပြီးနောက်ပိုင်း ရှောင်းကျန့်က အမြင့်မှာတင်ထားခံရတဲ့ဘဝမျိုးရခဲ့တယ် ။ ချောင်အိမ်တော်မှာ မထင်မရှားနေခဲ့ရတဲ့အစား အစေခံနဲ့စည်းစိမ်တွေကို ပထမဆုံးအကြိမ်ခံစားရတယ် ။

ဘုရင်ကိုယ်တိုင် သူ့ဘေးနားကအထိန်းတော်ကို အဆောင်ပြောင်းပြီး ရှောင်းကျန့်ကို စောင့်ရှောက်ပေးဖို့ပို့လိုက်တယ် ။ ယွီကုန်းကုန်းက မျက်နှာလည်းချိုပြီး သူ့အပေါ် အရမ်းကောင်းတယ် ။

အမိန့်စာနဲ့တော်ကောက်ခဲ့ပေမဲ့ သူ့ကို အဲ့လိုနိမ့်ကျတဲ့ ကိုယ်လုပ်တော်အဆင့်မှာမထားချင်ဘူးဆိုတဲ့ချစ်သူဘုရင်က ကိုယ်လုပ်တော်အဖြစ်စာရင်းမသွင်းဘဲ ရှောင်လျဲန်အဆောင်တော်တစ်ခုလုံးကိုသာ အပိုင်စားပေးပြီး နေစေတယ် ။ ဒါ့အပြင် အဆောင်ရဲ့နောက်မှာ သူကြိုက်တဲ့ကြာကန်ကြီးလည်းဆောက်ပေးသေးတယ် ။

The Spirit [ Edited ]Where stories live. Discover now