"ငှက်သံတွေအများကြီးကြားရတယ်လေ ယောင်းငယ်လေးရဲ့ ငှက်တွေအများကြီး အသိုက်ဖွဲ့နေတာက အပင်ကြီးမှ ဖြစ်မှာလေ "

ဦးလေးငယ်က  ရှင်းပြကာ သူ့လက်ထဲသို့ ကြွေကျလာသော ချယ်ရီပန်းလေးကို ကောက်ယူနမ်းရှိုက်လိုက်သည် ။ သဘာဝရဲ့တေးသံတွေဟာ ဦးလေးငယ်အတွက် ပျော်ရွှင်စရာဖြစ်ခဲ့ပေမယ့် သဘာဝရဲ့ ဆေးရောင်ခြယ်မြင်ကွင်းကတော့ ဦးလေးငယ်အတွက် အဓိပ္ပါယ်ရှိဟန် မတူခဲ့ပေ ။

မိုးနတ်မင်းကြီးက ဦးလေးငယ်အတွက်ကြ မတရားဘူးထင်သည် ။ ဦးလေးငယ် အမြင်အာရုံတို့ကို လုယူကာ ဦးလေးငယ်အား အလင်းမဲ့ဇုန်တွင် နေထိုင်စေခဲ့သည် ။ ဦးလေးငယ်အား တခါလောက်တော့ ချယ်ရီပန်းတွေအား မြင်စေချင်မိသည် ။ ကျွန်တော့်ကို ရောပေါ့ ။

"အဲ့ငှက်လေးတွေက မြေလူးငှက်လို့ခေါ်တယ် "

ဦးလေးငယ်က ပြောပြသည် ။

"သူတို့က ချယ်ရီတွေပွင့်တဲ့အချိန်ကျမှာ ပျော်ရွှင်ပြီး တေးဆိုတာတဲ့ တကယ်တမ်းကြ သူတို့က သနားဖို့ကောင်းတယ် "

"သနားဖို့ကောင်းတယ် "

ဦးလေးငယ်ရဲ့ စကားကို သံယောင်လိုက်လိုက်သည် ။

"မြေလူးငှက်လေးတွေဆီမှာ ဝမ်းနည်းဖို့ကောင်းတဲ့ ဇာတ်လမ်းလေးရှိတယ် "

"သားကို ပြောပြပါ့လား ဦးလေးငယ် "

ကျွန်တော်ပြောလိုက်တော့ ဦးလေးငယ်က ခေါင်းငြိမ့်ပြလာသည် ။

"မြေလူးငှက်ကလေးတွေက သိပ်တော်တဲ့ စာပေပညာရှင်လေးတစ်ဦးကနေ ဖြစ်ပေါ်လာတာတဲ့ "

ဦးလေးငယ်သာ မျက်စိမြင်နိုင်မယ်ဆို အခုချိန် ငှက်ကလေးတွေရှိရာကို လှမ်းကြည့်နေမှာ အသေအချာပင် ။

" ဟိုတုန်းက သိပ်ကိုတော်တဲ့ စာပေပညာရှင်လေးတစ်ယောက်ရှိတယ်တဲ့ သူက သိပ်ချောပြီး သူ့ရဲ့သတိုးသမီးလောင်းလေးကလည်း သိပ်ကိုချစ်ဖို့ကောင်းတာတဲ့ ...တနေ့မှာ သူ့ရဲ့သတိုးသမီးလောင်းလေးက ရောဂါကြောင်း သေဆုံးသွားတော့ စာပေပညာရှင်လေးက အသည်းကွဲကြေမတတ်ခံစားရသတဲ့ ..သူက နေ့စဉ်ရက်ဆက် ကောင်မလေးရဲ့အုတ်ဂူမှာ သွားနေရာကနေ တစ်နေ့ကြ အုတ်ဂူလေးဘေးမှာ သိပ်လှတဲ့ ချယ်ရီပင်လေးတစ်ပင် ပေါက်လာရော...အဲ့တော့ စာပေပညာရှင်လေးက ချယ်ရီပင်လေးက သူ့ကောင်မလေးရဲ့ ဝိညာဉ်ကနေ ဖြစ်ပေါ်လာတာဆိုပြီး သူကဂရုတစိုက်နဲ့ တချိန်လုံး ချယ်ရီပင်လေးကို စောင့်ရှောက်ပေးတယ်တဲ့ "

Cherish Where stories live. Discover now