အပိုင်း၂၈

Start from the beginning
                                    

"သပ်ရပ်တာတွေဘာတွေကို ကျွန်တော်ဂရုမစိုက်ဘူး၊ ကျွန်တော်ဂရုစိုက်တာက ခင်ဗျား၊ ခင်ဗျားကျွန်တော့်ကို ဆံပင်ညှပ်ခိုင်းလို့ ကျွန်တော်ညှပ်လိုက်တယ် ဒါပဲ၊ လူတွေ ကျွန်တော့်ကို ဘယ်လိုမြင်မြင် ကျွန်တော့်အတွက် အရေးမကြီးဘူး"

အံ့မဟော်စကားကြောင့် သူ့စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။ ဘယ်အချိန် သူဟာ အံ့မဟော်အတွက် အဲ့လောက်အရေးပါသွားတာလဲ။ ဘာကြောင့်ရယ်မှန်းမသိ အနည်းငယ် ကသိကအောက်နိုင်လာသော လေထုကို ချောင်းတစ်ချက် ထပ်ဆိုးလိုက်ခြင်းဖြင့် ပေါ့ပါးစေရန် ရည်ရွယ်မိသည်။

"အဟမ်း... ဒီနေ့ ကျန်တဲ့မေးခွန်းဟောင်းတွေကို ဆက်တွက်မယ်၊ သီအိုရီတွေ ပုံသေနည်းတွေကို အကုန်မှတ်မိတယ်မလား"

အံ့မဟော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်နိုင်စွာ ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ပြသည်။ အုပ်ဆိုင်းနေသော ဆံနွယ်တို့ ဖယ်ခွာသွားပြီမို့ အံ့မဟော်၏ ချွန်မြသော မေးရိုးအလှက ထင်းနေသည်။ ဆံနွယ်လောင်းရိပ်အောက်မှာ အမြဲပိတ်လှောင်ခံထားရသော မျက်ခုံးနက်သွယ်နှစ်ဘက်၏ တွန့်ချိုးခြင်းအမှုကို ယခုမှ အကာအကွယ်မရှိ ရှင်းရှင်းလင်းလင်း မြင်ရတော့သည်။

အံ့မဟော်သည် သူညွှန်ကြားပြသပေးစရာ မလိုဘဲ တစ်ခဏအတွင်းမှာပင် မေးခွန်းဟောင်းသုံးစုံကို ကျွမ်းကျင်ပိုင်နိုင်စွာ တွက်ချက်သွားသည်။ မသိနားမလည်သည့် တစ်စုံတစ်ရာများ ရှိလေမလားဟု စောင့်ကြည့်နေပေမဲ့ ထိုကောင်လေးသည် သူ့အကူအညီကို လုံးဝမလိုအပ်သည့်ဟန်ပင်။

"ကြိုတွက်ထားတာလား" ဟု နှုတ်မှ မနေနိုင်စွာ မေးလိုက်တော့မှ သူ့အား ငဂျစ်ကောင်က တွက်လက်စပုစ္ဆာကို ခဏရပ်ကာ မော့ကြည့်လာသည်။

"ကြိုတင်ပြင်ဆင်ထားစရာ မလိုအောင် လွန်ခဲ့တဲ့သုံးနှစ်လုံး ဒီသဘောတရားတွေကို ကျွန်တော် နားရည်ဝနေခဲ့ပြီးပြီ"

"ဒါဆို မင်းသိနေတက်နေရဲ့သားနဲ့ ဘာလို့ စာမေးပွဲမှာ ကျခဲ့ရတာလဲ"

သိလိုစိတ်ကြောင့် မေးလိုက်တဲ့ မေးခွန်းအဆုံးတွင် အံ့မဟော် ခေတ္တငြိမ်သက်သွားသည်။ သူ့ဟာသူ စိတ်ဝင်တစား စာလုပ်နေတဲ့လူကို လင်းသန့်မောင် ငြိမ်ငြိမ်မနေဘဲ သွားနှောက်ယှက်လိုက်မိပြီလားမသိ။

ရင်ကွဲငှက်ငယ်Where stories live. Discover now