တယောကို ပခုံးပေါ်တင်ကာ ခုံပုလေးတွင် အကျအနထိုင်ပြီးမှ မျက်ဝန်းထောင့်ရှိ ပုံမှန်မဟုတ်သည့် တစ်စုံတစ်ရာကို သူသတိထားမိသွားသည်။
စံပယ်ရုံက စံပယ်ပွင့်တွေ ဘယ်ကိုရောက်သွားတာလဲ။
ပခုံးပေါ်က တယောကို ခုံပေါ်သို့ ပြန်ချလိုက်ပြီး စံပယ်ပင်တွေကို သွား၍ စစ်ဆေးလိုက်သည်။ မြေပြင်ပေါ်တွင် စံပယ်ကြွေတစ်ပွင့်မှ ရှိမနေချေ။
ဒါဆို ဘယ်သူက သူမြတ်နိုးသည့် အပင်တွေပေါ်ရှိ အသီးအပွင့်ကို လာရောက်ခူးဆွတ်သွားတာလဲ။
စိတ်ကြည်နေပြီဆိုလျှင် အနှောင့်အယှက် တစ်ခုမဟုတ်တစ်ခုဝင်ရတာက သူမယုံကြည်တဲ့ သူ့ရဲ့ ကံဇာတာပေပဲလား။ စိတ်ပျက်စွာဖြင့် ကျစ်ခနဲ စုတ်သတ်လိုက်သည်။
"ဦးဘမောင်... ဦးဘမောင်"
အံ့မဟော်၏ ဒေါသတကြီး ခေါ်သံအဆုံးမှာ ခြံထဲတွင် အပင်များ ပေါင်းသင်နေသော အသက်ခြောက်ဆယ်အရွယ်ခန့် လူကြီးတစ်ဦးသည် လုပ်လက်စအလုပ်ကို ချကာ အံ့မဟော်ဆီသို့ အပြေးရောက်လာသည်။
"လူလေး... ဘာခိုင်းမလို့လဲ"
"စံပယ်ပန်းတွေကို ဘယ်သူခူးသွားတာလဲ"
"ဟေ... အဘလည်း မသိပါ့လား"
ရိုးသားစွာ မသိဟုပြောနေသော ဦးဘမောင်၏ မျက်လုံးတွေက အံ့မဟော်ရဲ့ ဒေါသတွေကို အပြစ်ပုံချစရာ နေရာမဲ့စေသည်။
အပင်စိုက်ခြင်းအလုပ်ကို အံ့မဟော် သိပ်မြတ်နိုးသည်။ သက်မဲ့ပစ္စည်းတွေတွင် မိမိတယောလေးပြီးလျှင် မိမိစိုက်ထားသည့် အပင်လေးတွေက မိမိဘဝတွင် ဒုတိယအရေးပါဆုံးပင်။
ဤသို့ တန်ဖိုးထားရပါသော သူ့အပင်ပေါ်ရှိ အလှအပတို့ကို မည်သူက အကျည်းတန်အောင် လာရောက်ဖျက်ဆီးသွားသနည်း။
"ဘာလို့မသိရတာလဲ၊ ခြံထဲမှာ အမြဲရှိနေတဲ့လူက ဒီပန်းတွေကို ဘယ်သူခူးသွားလဲဆိုတာတောင် မသိရအောင် ဘာတွေများ လုပ်နေလို့လဲ၊ ဒီလောက်လေးတောင် အဖြစ်မရှိရင် ဘယ်နေရာမှာ သုံးစားရမှာလဲ"
ဒေါသထွက်နေသဖြင့် အံ့မဟော် ဘာကိုမှမမြင်နိုင်တော့။ တက်ပြင်းပြင်းခေါက်ရင်း မိမိထက် အသက်အရွယ်ကြီးသည့် လူတစ်ယောက်ကို ရိုင်းပြစွာ ဆက်ဆံမိသည်။ ဦးဘမောင်ကတော့ သူ့ရှေ့မှောက်တွင် ခေါင်းကိုငုံ့ကာ ခပ်ရို့ရို့နေသည်။
အပိုင်း၂၇
Start from the beginning