အခန်း (၃) သိကျွမ်းခဲ့ဖူးသူသည် သိကျွမ်းခဲ့ဖူးသူမဟုတ်တော့

3K 458 7
                                    

[Unicode..]

သူ နေရာ၌သာ မလှုပ်မယှက် ထိုင်နေခဲ့သည်မှာ
အနည်းဆုံး နှစ်နာရီမျှရှိလေပြီ။ သက်ပြင်းခပ်သဲ့သဲ့ချရင်း အနီရောင်ပဝါအောက်က ကြမ်းပြင်ကိုသာငုံ့ကြည့်နေမိသည်။စီးထားသည့် ကတ္တီပါခြေနင်းမှတစ်ပါး အခြားတစ်စုံတစ်ရာမရှိ။
အခန်း၏ကြမ်းပြင်နှင့် ခင်းကျင်းထားသည့် ကော်ဇောအဆင်တန်ဆာတို့၌ ဖုန်တစ်စမျှပင် ကပ်မနေ။ အနီရောင်တောက်တောက် အောက်ခံတွင် ရွှေခြည်ဖောက်ရက်လုပ်ထားသည့် ကတ္တီပါခြေနင်းကိုသာ သဲကြီးမဲကြီးစိုက်ကြည့်နေမိ၏။

ဘယ်အချိန်အထိများ စောင့်ရမှာပါလိမ့်..
သူ ပင်ပန်းလှပြီ။

မင်္ဂလာအချိန်အမီ နန်းမြို့တော်သို့ရောက်ရန် နံနက်နေရောင်မထွက်မီကပင် လာခဲ့ရသည်။ ထို့နောက် အရှင်မင်းကြီး၏အမိန့်ဖြင့် ထိမ်း​မြားမင်္ဂလာပွဲအတွက် ပြင်ဆင်ရပြန်၏။ သူ့ကို အနီရောင် အဆင်တန်ဆာတို့ဆင်ယင်ပေးပြီး အမွှေးနံ့သာတို့ဖြီးလိမ်း ပြင်ဆင်ပေးသည်ကို ငြိမ်ခံနေရသည်မှာလည်း စိတ်ရှုပ်လှ၏။

သူ့ဘဝက မည်မျှအထိ ဆိုးရွားဦးမည်မသိ။ သူ၏ အသက်ရှင်နေထိုင်ခြင်းကို လူမသိအောင် ဖုံးကွယ်ထားရသည်။ တချို့သော အတတ်ပညာတို့ကိ စွန့်လွှတ်ခဲ့ရ၏။ ယခုတစ်ဖန် ယောက်ျားတစ်ယောက်ဖြစ်ပါရက်နဲ့ အခြားယောက်ျားတစ်ယောက်၏ ကြင်ရာဇနီး ဖြစ်ရပြန်သည်။

ထိုမျှသာမက သူ့ခင်ပွန်းအရှင်သခင် ဖြစ်လာမည့်သူကလည်း တစ်ချိန်က သူ၏...

"ဝမ်ဖေး"

အခန်းအပြင်မှ ခေါ်သံသဲ့သဲ့ကြောင့် အတွေးစတို့ ပြတ်တောက်သွားရသည်။ သူ့ကို ဘယ်လိုခေါ်လိုက်တာပါလိမ့်။ ဝမ်ဖေး။

ဟုတ်တာပေါ့။ သူ့ကိုယ်သူမပိုင်တော့ဘူး။ ယနေ့ညကုန်ဆုံးလျှင် သူက သူတစ်ပါး၏ သက်ရှိပိုင်ဆိုင်မှုတစ်ခု ဖြစ်လာလိမ့်မည်။

"ဝမ်ဖေး။ အရှင့်သားက နန်းတွင်းက
ဧည့်သည်တွေကို ဧည့်ခံတွေ့ဆုံနေလို့ပါ။
ပင်ပန်းနေပြီဆိုရင် အနားယူနှင့်ပါတော့လို့
ဒီအစေခံကတစ်ဆင့် ပြောခိုင်းလိုက်ပါတယ်"

Beloved Wangfei Xiao Yun [Completed]Where stories live. Discover now