အပိုင်း၂၄

Start from the beginning
                                    

တချို့လူငယ်များက အိမ်ထဲမှ ထွက်လာကာ သူတို့လှေရှိရာ အရပ်ဆီသို့ ကူးခတ်လာကြသည်။ ထိုလူများဆီမှ လူဦးရေစာရင်းကို မေးမြန်း၍ ထောက်ပံ့ရေးပစ္စည်းများကို လူဦးရေနှုန်းအလိုက် မိသားစုတစ်စုစာစီ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံပို့ဆောင်ရန် ပြင်ကြရတော့သည်။

"အံ့မဟော်... မင်းက လှေပေါ်မှာပဲ ကျန်ခဲ့ချေ၊ အပေါ်က ပစ္စည်းတွေကို စာရင်းသေချာလုပ်ပြီး ငါတို့ကိုပေး၊ ရေနည်းနည်းနက်လို့ အောက်ဆင်းမလိုက်နဲ့"

အံ့မဟော်တွင် သူ့စကားကို အထွန့်တက်မည့်ဟန်မရှိ။ နာနာခံခံပင် ခေါင်းငြိမ့်ပြသည်။

အိပ်ယာပြောင်းလျှင် လုံးဝမအိပ်တက်တဲ့ အကျင့်ကြောင့် ဟိုသည်လှိမ့်ရင်း တစ်ညလုံး ကုန်ဆုံးခဲ့ရတာမို့ အံ့မဟော်၏ မျက်ခမ်းစပ်တို့မှာ အနည်းငယ် နီရဲရဲဖြစ်နေသည်။ တစ်ချက်တစ်ချက် ချီလိုက်ချင်သော်လည်း နှာခေါင်းအတွင်းယားယံရုံနှင့်သာ ရပ်ရပ်သွားတာကြောင့် လူက အားမလိုအားမရ။ မိုးရေထဲတွင် ဖြစ်လင့်ကစား အနည်းငယ်ပူရှိန်ရှိန်ဖြစ်နေသော ခန္ဓာကိုယ်ကြောင့် အံ့မဟော်ဖျားနေသည်မှာ ကျိန်းသေသည်။ သို့သော် သူ့အတွက်နှင့် ကိုလင်း အခက်တွေ့မှာ စိုးသဖြင့် နှုတ်မှထုတ်မပြောဘဲ ဤရွာသို့ လိုက်လာခဲ့သည်။ လမ်းတစ်လျှောက် တဒိတ်ဒိတ်နှင့် ထိုးကိုက်နေသော ခေါင်းသည် ရေထဲတွင် ပေါလောပေါ်နေသော အိမ်အရွယ်အစားမျိုးစုံကို တွေ့လိုက်ရသောအခါ ငုတ်လျှိုးပျောက်ကွယ်သွားသည်။

ဒီလိုမြင်ကွင်းမျိုးကို သူ့တစ်သက်နှင့်တစ်ကိုယ် လက်တွေ့တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ကြားဖူးနားဝသာ ရှိခဲ့သော ရေဘေးဒုက္ခသည်တွေဆိုတာ မျက်စိရှေ့မှာ မြင်နေရသည့် သနားစဖွယ်လူသားများပေလား။ ကလေး လူငယ် လူကြီးမရွေး သဘာဝဘေးကို အချင်းချင်းရိုင်းပင်းရင်း တောင့်ခံနေရရှာသည်။

မျိုးတူချင်း ဖြစ်သော သူစိမ်းလူသားများအပေါ်တွင် ဖြစ်တည်လာသည့် သူ့ရဲ့ ပထမဆုံး ကရုဏာသက်ခြင်းပေ။ ရိုးသားမှုကို ဖော်ကျူးနေသည့် ထိုလူများ၏ မျက်ဝန်းတွေကြောင့်ပေလော။ ဒါမှဟုတ်... မြင်ဖူးနေကျ မျက်နှာဖုံးတွေနှင့် ကွာခြားနေတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now