အပိုင်း၂၄

Start from the beginning
                                    

သူတို့အဖွဲ့၏ ရည်ရွယ်ချက်သည် ဤမြို့နယ်တစ်ခုတည်းအတွက်မဟုတ်။ လူမှုကူညီရေးအသင်းများ အရောက်အပေါက်နည်းသော ရွာတွေအတွက်ပါ ပါဝင်တာကြောင့် ဤနယ်ခံလူတွေ အကူအညီဖြင့် စက်လှေများ စီး၍ အဖွဲ့ကိုယ်စီဖွဲ့ကာ အရပ်မျက်နှာအသီသီးသို့ ထောက်ပံ့ရေးပစ္စည်းများနှင့်အတူ စတင်ထွက်ခွာရသည်။

လင်းသန့်မောင်တို့ အဖွဲ့သည် စက်လှေနှစ်စီးနှင့် အင်္ဂပူမြို့နယ် ညောင်ကျိုရွာသို့ တာဝန်ကျသည်။ အံ့မဟော်၊ ကိုကောင်းမြတ်နှင့် ကိုထွန်းလင်း အပါအဝင် စက်လှေသမားနှစ်ယောက်နှင့်အတူ လင်းသန့်မောင်တို့အဖွဲ့တွင် စုစုပေါင်း လူခြောက်ယောက်ပါဝင်သည်။

ညောင်ကျိုသို့ အသွား လမ်းတစ်လျှောက်တွင် အရပ်လေးမျက်နှာ၌ ရေများကိုသာ တစ်မျှော်တစ်ခေါ် မြင်နေရသည်။ လမ်းဆိုသည်မှာ အသာထား... သရက်သီးများ ပေါလောပေါ်နေသော ရေပြင်နောက်နောက်ကိုသာ ကြည့်၍ ဦးတည်မည့်အရပ်ကို မြို့မှ စထွက်ကတည်းက ခန့်မှန်းရှေးရှုလာခဲ့ရသည်။

မြို့လေးမှ ဝေးလာလေ ရေက ပိုနက်လာလေ ဖြစ်သည်။ လက်ထဲက ဘာရယ်မဟုတ် ကောက်လာသည့် တုတ်ကလေးကို ထုတ်၍ ရေထဲသို့ ခဏခဏ ထိုးစိုက်ပြီး အတိမ်အနက်ကို မပြတ်ခန့်မှန်းကြည့်သည်။ ညောင်ကျိုရွာသို့ အရောက်တွင် ရေအနက်သည် ခန့်မှန်းချေ ခါးလောက်ရှိရမည်။

ဤအရပ်တွင် မိုးရာသီရောက်တိုင်း အနည်းနဲ့ အများ ရေတက်နေကျမို့ အိမ်တိုင်း ခြေတံရှည်သဖွယ် ဆောက်ထားသဖြင့် ရေအောက်တွင် နစ်မြှုပ်မသွားခြင်းပင်။ သို့သော်လည်း အိမ်ခြေရင်းတိုင်များ နစ်မြှုပ်သည်အထိ တက်နေသော ရေများကြောင့် အိမ်ပေါ်တွင်သာ ခပ်ကုပ်ကုပ်နေနေရသော မိသားစုများကို ကြည့်၍ စိတ်မချမ်းမြေ့ဖွယ်ပင်။

အကူအညီပေးမည့် ကမ်းလက်များ ရောက်လာသောအခါ ရိုးသားသော တောင်သူလယ်သမားများ၏ မျက်ဝန်းတို့တွင် မျှော်လင့်ချက်ရောင်ခြည်များ သမ်းလာကာ ညအခါ မြင်ရသည့် ကောင်းကင်ယံမှ ကြယ်ပွင့်ကြယ်စတို့နှယ် တလက်လက်တောက်ပလာကြသည်။

ရွာထဲသို့ စက်လှေဖြင့် ဝင်နိုင်သလောက် ဝင်လာခဲ့ပြီး ရှေ့ဆက်တိုးလို့ မရနိုင်တော့သည့် နေရာအရောက်တွင် ရပ်လိုက်ရသည်။ လုပ်ငန်းစတော့မည်ဖြစ်၍ လှေပေါ်ရှိ လူများသည် မိုးကာအင်္ကျီကို ကျကျနနဝတ်ဆင်ကာ ပြင်ဆင်စရာရှိတာများကို ပြင်ဆင်ကြသည်။ အိမ်ပြတင်းပေါက်များမှ ခေါင်းကိုယ်စီပြူထွက်ကာ သူတို့လူစုအား စူးစမ်းကြည့်နေကြသော ကလေး၊ လူကြီးများကို လင်းသန့်မောင် ပြုံးပြ၍ နှုတ်ဆက်လိုက်သည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now