Chapter 2 Unicode

1.7K 165 3
                                    

Hidden Chapter 2

"ဒါဆို သူတို့နှစ်ယောက်မောင်နှမတော်နေတာကို မေက လုံးဝမသိခဲ့တာပေါ့။"

"ဟုတ်ပါတယ်။ အဲဒါကိုသိလိုက်ရတဲ့အချိန် ကျွန်မလုံးဝရှောခ့်ရသွားခဲ့တယ်။"

"ဒါဆိုမေက သူငယ်ချင်း နှစ်ယောက်ပြန်ပေးဆွဲတာကို ခံလိုက်ရတာပေါ့။ နောက်တော့ရော အဲဒီအခန်းထဲမှာဘာတွေဆက်ဖြစ်သေးလဲ။ နှစ်ယောက်က မေ့ကို နှိပ်စက်ကြသေးလား။"

မိန်းမငယ်သည် ခေါင်းကိုခါလိုက်၏။

" ကျွန်မ နိုးလာတာကိုတွေ့တော့ ရှိန်းက ကျွန်မ ဘေးမှာလာထိုင်တယ်။ ကျွန်မမျက်နှာကို စိုက်ကြည့်နေတယ်။ မိုနာက ကြောင်ဖြူလေးတစ်ကောင်ကိုအစာကျွေးနေတယ်။ ရှိန်းရဲ့ကြောင်ဖြစ်မယ်။ ရှိန်းကကြောင်မွေးထားတယ်လို့တစ်ခါပြောဖူးတယ်။ ကျွန်မ မိုနာ့ကိုလှမ်းခေါ်လိုက်တယ်။ ရှိန်းကို စကားပြောရမှာ​ကြောက်နေလို့လေ။ ဒါပေမယ့် မိုနာက မထူးဘူး။ မကြားချင်ယောင်ဆောင်နေတယ်။ သူက ကျွန်မကို စကားပြန်ပြောရမယ့်အစား ကြောင်ကိုမြူနေတယ်။ အဲဒါကိုမြင်တော့ ရှိန်းက ရယ်တယ်။ အကူအညီမဲ့နေတဲ့ ကျွန်မကိုကြည့်ပြီးသူရယ်နေတာ။ အဲ့ဒါနဲ့ကျွန်မလည်း သူတို့ကို​တောင်းပန်တယ်။ ကျွန်မကို ဘာလို့အခုလိုလုပ်ရတာလဲ လို့မေးတယ်။ မဖြေဘူး။ ကျွန်မကိုပြန်လွှတ်ပေးဖို့ ငိုယိုပြီးတောင်းပန်တယ်။ ဂရုမစိုက်ဘူး။ ကျွန်မဘယ်လောက်ငိုငို သူတို့က အရယ်အပြုံးမပျက်ဘူး။ ပြီးတော့ ရှိန်းက ပြောတယ်။ " နင်ဘယ်လောက်ငိုငို အိမ်ပြန်ရတော့မှာမဟုတ်ဘူး။ တိတ်တော့.. " တဲ့။ သူက ရယ်ပြီး ကျွန်မမျက်ရည်တွေကိုသုတ်ပေးတယ်။ ပြီးတော့ မိုနာ့ကို လှမ်းပြောတယ်။ "မို .. နင့်ကိစ္စနင်ရှင်းပြီးပြီလား" တဲ့ ။ အဲဒီမှာ မိုနာက ကြောင်နားကနေထလာတယ်။ ကျွန်မရှေ့ကဖြတ်ပြီး အိပ်ခန်းဆီလျောက်သွားတယ်။ ကျွန်မကိုတစ်ချက်တောင်မကြည့်ဘူး။ ပြီးတော့ အိပ်ခန်းထဲ ကနေ တစ်ခုခုကိုဆွဲလာတဲ့အသံကိုကြားနေရတယ်။ သိချင်စိတ်နဲ့လှည့်ကြည့်လိုက်တော့ သူကိုင်ထားတာ ခြေထောက်နှစ်ဖက်။ သူက လူတစ်ယောက်ကိုဆွဲလာတာ။ အဲဒါကိုကြည့်ပြီး ကျွန်မ ဘယ်လောက်တောင်လန့်သွားသလဲဆိုတာကို စကားလုံးတွေနဲ့ဖော်ပြလို့မရဘူး။"

Hidden ( BL OC) Where stories live. Discover now