"အတ္တကြီးတယ်ပဲ ပြောပြော မဟော့်ကို ပေးသိလို့ မဖြစ်ဘူး ကိုခန့်၊ ကျွန်မကို နားလည်ပေးပါ"
ဦးခန့်သာ ဘာမှပြန်မပြောဘဲ သက်ပြင်းတစ်ခုသာ ချလိုက်ရင်း ဒေါ်ခင်မျိုးမြတ်ကို ထွေးပွေ့လိုက်သည်။
ခင့်ဆန္ဒအတိုင်းပါပဲကွယ်...
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကရော အခုရော နောင်ရော အရာအားလုံးဟာ ခင့်သဘောကျပါပဲ။
°°°°°°°
"ဟိတ်..."
အံ့မဟော် ခြံထဲက အပင်လေးတွေကို ရေလောင်းနေရင်း နောက်ကျောဘက်မှ စုတ်ထိုးသံနှင့်အတူ ကြားလိုက်ရတဲ့ ခေါ်သံလေး။
"ဟိတ်လူ... ဟေ့"
နောက်ထပ်တစ်ကြိမ် ထပ်ခေါ်နေတာကြောင့် ရေပိုက်ကို ခဏပိတ်ကာ လှည့်ကြည့်လိုက်သည်။
ဟိုဘက်အိမ်နှင့် ဒီဘက်အိမ်ကို စည်းခြားကာရံထားသည့် အုတ်တံတိုင်းပေါ်တွင် ပြူထွက်နေသည့် ခေါင်းသေးသေးလေး။
သူလှည့်ကြည့်လိုက်တော့ ဟီးခနဲ သွားဖြီးပြသည်။
"ခူးခူးရဲ့ ဘောလုံးလေး အဲ့ဘက်ကျသွားလို့၊ ဒီဘက်ကို ပြန်ပစ်ပေးပါ့လားဟင်"
သူမ လက်ညိုးညွှန်ပြတဲ့ ဘက်ကို ကြည့်လိုက်တော့ စံပယ်ရုံပေါ်တွင် တင်နေသည့် ရောင်စုံဘောလုံးလေးတစ်လုံး။
အံ့မဟော်ရဲ့ မျက်ခုံးတို့ စုကြုတ်သွားသည်။
ထိုဘောလုံးကြောင့် စံပယ်ရုံမှာ ပွင့်လန်းနေသည့် စံပယ်ပွင့်အချို့မှာ အပြစ်မရှိပါဘဲ မြေပေါ်သို့ ခကြွေသွားလေပြီ။
လက်ထဲက ရေပိုက်ကို မြေပြင်သို့ ချပြီး စံပယ်ရုံပေါ်မှ ဘောလုံးကို ကောက်ယူလိုက်သည်။လေထဲတွင် နှစ်ကြိမ်ခန့် ပစ်မြှောက်ဆော့ကစားပြီးနောက် ထိုကောင်မလေးကို တစ်ချက်ကြည့်ပြီး အနီးက အမှိုက်ပုံးထဲသို့ လှမ်း၍ ပစ်ထည့်လိုက်သည်။
"ဟိတ်လူ... အဲ့တာဘာလုပ်တာလဲ၊ သူများဘောလုံးကို ဘာလို့ အမှိုက်ပုံးထဲကို ထည့်လိုက်ရတာလဲ"
"အမှိုက်မို့လို့ အမှိုက်ပုံးထဲကို ထည့်လိုက်တာလေ"
လက်နှစ်ဖက်ကို ဖုန်ခါရင်း ပြောလိုက်တဲ့ အံ့မဟော်ရဲ့ စကားကြောင့် ထိုကောင်မလေး ဒေါသထွက်သွားသည်။
အပိုင်း ၁၆
Start from the beginning