အပိုင်း ၉

Start from the beginning
                                    

    မဟော် သိလား…

    မာမီ့အတွက် အရှုံးပေးခြင်းဆိုတာ မဟော်တစ်ယောက်ထဲဆီမှာပဲ တည်ရှိတာ။

    ငယ်ငယ်တည်းက အောင်မြင်လိုစိတ် ကြီးမားတဲ့ သူမရဲ့ အညွှန့်တလူလူ တက်နေတဲ့ လမ်းကို လက်ထပ်ခြင်းဆိုတဲ့ အရာက ပိတ်ဆို့တားဆီးခဲ့သည်။ မဟော့်ဒယ်ဒီနဲ့ လူကြီးချင်း သဘောတူလို့ ယူခဲ့ရတယ် ဆိုပေမဲ့ ကိုအံ့မော်ကို သူမ မမုန်းခဲ့ပါ။ သားတစ်ယောက်မွေးပြီးတော့ နှစ်တွေကြာလာတော့ တစ်စတစ်စကြားခဲ့ရတဲ့ ကောလဟာလတွေ။ အဲဒီ့ ကောလဟာလတွေက အမှန်ဖြစ်နေတဲ့အခါမှာ သူမ ယူကြုံးမရဖြစ်ခဲ့ရသည်။ ဘဝတစ်ခုလုံး ပုံအပ်ထားပေမဲ့ ပြန်ရလိုက်တဲ့ အရာက သူမအတွက် လုံးဝမတရား။ ဒါကြောင့် ရောက်တဲ့နေရာမှာ ရပ်ပြီး နောက်ထပ် လမ်းသစ်ကို သူမ ဖောက်ခဲ့သည်။

    ခရီးက သိပ်ကြမ်းလို့ မာမီ့သားကို အတူခေါ်မသွားနိုင်ခဲ့ဘူး။

    မာမီပြန်လာခဲ့ပေမဲ့ မဟော်က မာမီနဲ့ အဝေးဆုံးနေရာကို ရောက်နှင့်နေခဲ့ပြီ။

    မာမီ ပင်ပန်းနေပြီမို့ ကျေးဇူးပြုပြီး ဒီလောက်ပဲ ဆိုးပါတော့ ကလေးလေးရယ်...။

    သူမ ရင်ထဲမှ လေးနက်စွာ ဆန္ဒပြုလိုက်မိသည်။

    °°°°°°°

    "ဟယ်… မောင်ခန့် ဇနီးက မျိုးဖြစ်နေတာပဲ"

    "အို...မသိမ့်၊ မတွေ့ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ"

    ကိုခန့်သာအိမ်သို့ ရောက်ပြီး အိမ်နီးချင်းတွေကို လိုက်လံနှုတ်ဆက်နေရာ မမျှော်လင့်ဘဲ ဘေးအိမ်သည် သူမ သိပ်ခင်တွယ်ခဲ့ရသော ငယ်ငယ်က သူမကို စာပြပေးခဲ့သည့် ဆရာမလေး မသိမ့်တို့ အိမ်ဖြစ်နေသည်။

    မသိမ့်သည် အချိန်တွေ ဒီလောက်ကြာခဲ့တာတောင် အရင်လို သနပ်ခါးအဖွေးသားနှင့် ကြည့်၍ လှဆဲဖြစ်သည်။

    "ဟုတ်ပါ့ မျိုးရယ်၊ မျိုးသားလေးရဲ့ မွေးနေ့ကို မသိမ့်တို့ သားအမိလာပြီးကတည်းက မတွေ့ကြတော့တာ နှစ်တွေ ဘယ်လောက်ရှိနေပြီလဲတောင် မသိတော့ဘူး"

    သူမ အမှတ်မရချင်သော ထိုနေ့ကို ရည်ညွှန်းမှန်း သိတာကြောင့် ဒေါ်ခင်မျိုးမြတ် စကားလမ်းကြောင်းကို လွှဲလိုက်သည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now