"ရော် ခက်ပါဘိ၊ မြင်းစီးတာ လွယ်တယ်မှတ်သလား ခွန်နှောင်း"
"လူကြီး သင်ပေးရင် လွယ်မှာပေါ့နော့်"
တိုးဝှေ့ကာ ကြောင်ပေါက်လေးလို ချွဲတော့ အသည်းမာသော စော်ဘွားငယ်သည် ခွန်နှောင်းခြေရင်း ဝပ်ဝပ်စင်းလျက်။ တကယ်ပါ အချစ်က အပြောင်းအလဲမြန်သူကြီးပေမို့။
~~~~~~~
"ဝါး ခြံကြီးက အကျယ်ကြီးပဲ"
"ငေးမောနေခြင်းအား ခဏထားပါရော့၊ မြင်းပေါ် တက်ရန် ဦးထုပ်ဝတ်ပါလေ"
ခေါင်းထိခိုက်မှာ စိုးသည့်အတွက် လူကြီးက ဦးထုပ်မာမာလေး ပေးထားသည်ဖြစ်လေရာ သိုင်းကြိုးကို ဆွဲတပ်ရတော့သည်။
"ဒီလို တပ်ရလေတယ်"
ရုတ်တရက် ဦးသာက ခွန်နှောင်းရှေ့လာကာ ဦးထုပ်သိုင်းကြိုးကို တပ်ပေးလေသည်။ ခွန်နှောင်းနှင့် အရပ်တော်တော်ကွာသော ဦးသာကြောင့် ယခုအခါ ခွန်နှောင်းသည် ဦးသာ၏ ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ်ရောက်ရှိနေလေသည်။
"အန္တရာယ်ကင်း ဘေးကင်းအဆောင်"
အစကကြောင်တောင်တောင်ဖြစ်သွားသော ခွန်နှောင်းသည် နဖူးနှင့် နှာခေါင်း ဆုံသည့်နေရာတွင် နွေးထွေးမှုတစ်ခု ခံစားလိုက်ရလေသည်။
အနမ်းတစ်ခု ..
နွေးထွေးသလို အေးလည်းအေးချမ်းပါသည်။ ရင်ထဲတွင် လုံခြုံမှု ရှိသွားသကဲ့သို့ ခံစားလိုက်ရသလို အရှက်တရားတို့က ရင်ထဲတိုးဝင်လာသည်။ခွန်နှောင်းပဲ ရေလာမြောင်းပေး ခွန်နှောင်းပဲ ဖွင့်ပြောလုပ်ခဲ့ရသော်လည်း ဒီတစ်ကြိမ်ကမတူ။ လူကြီးဘက်က အရင်စလာနမ်းတာ။ အရှက်သည်းသွားသဖြင့် နားရွက်လေးနှစ်ဖက်က နီရဲရဲ။
"ဪ ဘေးကင်းအဆောင်ပဲမို့ အဘယ်ကြောင့် ရှက်သွားရသလဲလေ"
"မ.. မရှက်ပါဘူး၊ အေးလို့၊ အပြင်ကအေးတယ်လေ၊ ဟုတ်တယ်မလား"
ခေါင်းအစ ခြေအဆုံး သားမွှေးထည်အပြည့် ဝတ်ဆင်ထားသော ကောင်လေးက အေးသည်တဲ့လား။ အင်း .. ဦးသာ အမှန်တကယ်ပင် ရီချင်နေပါတော့သည်။
YOU ARE READING
နှောင်းဦးသက်လည်တည်စေအံ့
Fantasyလက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?