"ဟုတ်၊ ဟုတ် ..."

"လူစိမ်းတွေ့လျှင်ပြောမည်"ဆိုတော့ ဒီလူ နည်းနည်း စိတ်ကောင်းမရှိဟုပင်တွေးမိသည်။ ဘယ်နှယ့် .. သူများက ဒီနေရာကို လာချင်လို့လာသည်မှမဟုတ်ပဲ။

အိမ်ကိုလွမ်းလိုက်တာ။

~~~~~~

"အစစအရာရာ အဆင်ချောလေစ စိုင်းနောင်"

"ဟုတ်လေစ၊ ပြင်ဆင်ပြီးစမို့ စစ်ဆေးလျှင် ကောင်းမည်ထင်"

အိမ်ရှေ့တွင် ဂျစ်ကားသံဆူဆူညံညံကြားပြီးနောက် ယောကျ်ားတစ်ဦး၏ ဩရှရှအသံသည် ပျံ့လွင့်လာလေသည်။ ခွန်နှောင်း ခေါပုတ်စားနေရာမှ ထွက်ကြည့်တော့ ခွန်နှောင်းကို စူးစိုက်စွာကြည့်နေသော လူတစ်ယောက်။

ထူထဲသော မျက်ခုံးမွှေးတို့က စူးရှသော မျက်လုံးတို့အား တိကျစွာ ခြံရံထား၏။ ဆေးမကူဘဲ ရဲနေသော နှုတ်ခမ်းပါးတို့က မျက်နှာဖြူဥဥတွင် ပေါ်ပေါ်လွင်လွင်။ အရပ်အားဖြင့် ခွန်နှောင်းထက် အတန်ငယ်မြင့်သော ထိုလူသည် ခန္ဓာကိုယ်လည်းထွားကြိုင်းလှပေသည်။

ရှမ်းဝတ်စုံနှင့်လည်း ပနံတင့်စွာ။ ဘယ်ရှုထောင့်က ကြည့်ကြည့် ဒီလူ လူချောသာ။

"စိုင်းနောင်၊ ထိုသူက .."

"စော်ဘွားလေး၊ ထိုသူကို မိုင်းပွန်မြို့အလွန် ရေအိုင်မှာ တွေ့ခဲ့လေခြင်းဖြစ်လေစ"

ရှမ်းမြောက်ပိုင်း၏ ရှေးယဉ်ကျေးမှုအရ လူတစ်ယောက်၏ အကြောင်းကို မေးမြန်းခြင်းသည် ရိုင်းစိုင်းခြင်းတစ်နည်းဟု စိုင်းနောင် မှတ်ယူထားသဖြင့် ခွန်နှောင်းအား မေးမြန်းခြင်းမပြုထားပေ။

သို့သော် ..

"အဆွေ ဘယ်နေရပ်က လည်လာလေစ"

စော်ဘွားလေးသည် ရိုင်းစိုင်းမှုအား ဂရုမစိုက်နိုင်တော့။

"ကျွန်တော် ဟို၊ ကျွန်တော် ရန်ကုန်ကလာတာ"

"ရန်ကုန်၊ ရန်ကုန်က ရှမ်းကို? အဆွေ မည်သို့လာလေစ"

"ကျွန်တော် .. ကျွန်တော်လည်းမသိဘူး"

"မိဘတွေကရော မည်သူဖြစ်လေစ၊
လွတ်လပ်ရေးရစမို့ အသွားအလာ လွယ်ကူရော့စ"

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now