ယက်ကန်းအတတ်ကား လူတို့၏ နေ့စဥ်ဘဝနှင့် ဆက်စပ်နေသည့်အပြင် ဆေးပညာပိုင်းတွင် ရှုမျိုးစုသည် မူလကတည်းက အပင်တို့နှင့် အကျွမ်းဝင်နေကြသူများဖြစ်ရာ တခဏအတွင်း သင်ယူတတ်မြောက်သွားတော့သည်။

တီမာ၏ ရွေးချယ်မှုကောင်းပုံကို ကြည့်၍ ရှန့်ခယ်တစ်ယောက် ဤ မိန်းကလေးသည် ထူးချွန်သူဟု မြင်မိသည်။ သူမသည် ရဲရင့်သည်။ တိကျပြီး သွက်လက်သည်။ သင်ကြားမှု ရှေ့ဆက်ဖို့ လောဘမကြီးသလို စိတ်မရှည်လည်း ဖြစ်မနေ။ ရှန့်ခယ်သည် သူမအား ပို၍ပင် အတတ်ပညာမျိုးစုံ သင်ပေးချင်စိတ်များ ပေါ်လာရသည်။

ရှုမျိုးစုတွင် သူမအပြင် အခြား ထက်ထက်မြက်မြက် ကလေးများ ရှိကြသေးသည်။ ရှန့်ခယ်သည် အခြားကလေးများကိုလည်း တစ်ယောက်လျှင် ပညာရပ် နှစ်မျိုးစီ သင်ကြားပေးကာ မျိုးစုအတွင်း ဆက်လက် ပြန့်ပွားစေလိုက်သည်။

ဤသို့ဖြင့် ရှုမျိုးစုတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာတော့သည်။ လူကြီးများက ကလေးများအနား ဝိုင်းအုံကာ ယက်ကန်းအကြောင်း ဆေးပင်များအကြောင်း တိုးနားထောင်ပြီး ပညာယူလာကြသည်။

၎င်းတို့ ယုံကြည်ကိုးကွယ်သော နတ်ဘုရားသည် ပညာရပ်မျိုးစုံ တတ်ထားသည့်အပြင် ဆရာစားမချန် သင်ပြပေးနေသည်ကို ကြည့်ပြီး ရှုမျိုးစုတစ်စုလုံး အံ့အားသင့်ကြရသည်။ ကိုးကွယ်သူများ၏ လိုအပ်ချက်ကို တကူးတက သတိပြုပေးသော နတ်ဘုရားကို မြင်ဖူးသည်မှာ ရှုမျိုးစုအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

သို့သော် တိုက်ပွဲနတ်ဘုရားတစ်ပါးက ဤသို့ ပညာရပ်မျိုးစုံ တတ်ကျွမ်းနေသည်ဟူသော အချက်ကား လွန်စွာ ထူးဆန်း၍ နေလေသည်။ အူနို၏ သန်မာသော ခန္ဓာကိုယ်၊ စွမ်းအားကြီးသော သဏ္ဍာန်တို့ကို တစ်ချက်ကြည့်ရုံနှင့် ဤသူကား ယက်ကန်းနှင့် လယ်ထွန်ပညာရပ် တတ်လိမ့်မည်ဟု မည်သူက ထင်ရဲမည်နည်း။ မျက်နှာထက်မှ စိတ္တဇဆန်ဆန် မျက်နှာဖုံး၊ ခါးထက်မှ တိရစ္ဆာန် သားရေရုံနှင့် လက်အတွင်း ကိုင်ဆောင်ထားသော တူတို့သည် နတ်ဘုရား၏ လက်ရာခပ်ဆိုးဆိုး*ကို ဖော်ပြလို့နေသည်။

အချိန်အတော်ကြာ စဥ်းစားပြီးနောက် ရှုမျိုးစု အဖြေတစ်ခုရသွားသည်။ နတ်ဘုရား၏ လက်ရာညံ့တာမဟုတ်ဘဲ ရုပ်ထုကို ထုခဲ့သော လူတို့ လက်ရာညံ့သည်ဟူ၍ဖြစ်သည်။

ချစ်သူ့ နတ်ဘုရား〖 Completed 〗Where stories live. Discover now