အပိုင်း ၁၉

Start from the beginning
                                    

ဒီလိုအချိန်မျိုးဆိုလျှင် သူသိနေသည့် စိတ်မရှည်တတ်ဆုံး ရှိုင်းထွဋ်ဆိုသည့်ကောင်လေးသည် မိခင်တစ်ယောက်လို ညင်သာစိတ်ရှည်တတ်သည်ကို ဒီမိုးယံ သတိမထားဘဲမနေနိုင်။ မိငယ်ထက်ပင် ပိုပြီးစိတ်ရှည်သေးသည်။ နွေသဇင်လေးကလည်း အိပ်ရမှာကို ဘယ်လောက်မုန်းမုန်း ရှိုင်းထွဋ် လက်ပေါ်ရောက်လျှင်တော့ ငြိမ်ဆေးတိုက်ခံရသလို အေးချမ်းစွာ အိပ်ပျော်သွားတတ်သည်။

"အိပ်သွားပြီလား။"

"အင်း.."

ဖျာပေါ်မှာ ကလေးအိပ်ရန်နေရာကို ဒီမိုးယံ အမြန်ပြင်ဆင်ပေးလိုက်သည်။ ကလေးမနာအောင်ရော သေးစိုခံအောင်ပါ ပလတ်စတစ်အခင်းပေါ်မှာ စောင်ပါးတစ်ထည်ခင်းထားရုံသာဖြစ်သည်။ ခေါင်းအုံးနှင့်အိပ်သည့် အလေ့အထမရှိသောကြောင့် ခေါင်းအုံးကတော့ မလိုသေး။ ရှိုင်းထွဋ် ဒူးထောက်ထိုင်ပြီး ဖျာနားထိရောက်အောင် ကိုယ်ကိုကိုင်းပြီးမှ နွေသဇင်လေးကို အသာချသည်။ ကလေးငယ်၏ ဆံပင်ပါးပါးလေးကို သပ်တင်ကာ နဖူးပြင်ကို နှုတ်ခမ်းနှင့်ထိရုံနမ်းလိုက်သည်။ အပြုအမူတစ်ခုချင်းစီက တီးဝိုင်းတစ်ခုမှ အကြိမ်ကြိမ်အထပ်ထပ် တိုက်ယူထားသော တီးလုံးသံစဉ်များလို လှပလွန်းနေသည်။

"စောင်မခြုံနဲ့ဦးကွ။ အခု မအေးသေးဘူး။ မင်းညီမက ချွေးထွက်အရမ်းသန်တာ။"

ရှိုင်းထွဋ်လှမ်းတားသောကြောင့် စောင်ခြုံပေးဖို့ပြင်နေသော လက်များကို အောက်ပြန်ချလိုက်သည်။ သူက ဒီလိုအသေးစိတ်ကအစ သေချာဂရုစိုက်တတ်သူဖြစ်သည်။ ကလေးငယ်အတွက်ဆိုလျှင် သူပင် သတိမထားမိသည့် အကြောင်းအရာအသေးအဖွဲလေးမှစ၍ ဂရုတစိုက်ရှိလွန်းလှသည်။

"ဟေ့ကောင် ကတ်ကြေးသွားယူခဲ့။"

"ဘာလုပ်ဖို့လဲ။"

"ကလေး လက်သည်းညှပ်ပေးရမယ်လေကွာ။"

ရှိုင်းထွဋ် ပြောသည်ကို သူ ကောင်းကောင်းနားမလည်လိုက်။ အိပ်ခန်းထဲမှ ထွက်လာပြီး ဧည့်ခန်းနံရံကြွက်လျှောက်တန်းမှာတင်ထားသည့် ကတ်ကြေးကို သူတွေ့သည်။ ဒါပေမယ့် သူ မျက်နှာသာရသည်တော့မဟုတ်။ အခန်းထဲပြန်ရောက်သည်နှင့် ရှိုင်းထွဋ်က ဆီးဟောက်သည်။

ဆူးWhere stories live. Discover now