အပိုင်း ၂

Start from the beginning
                                    

"မိုးယံ.. မင်း ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေစမ်း။"

"ပျင်းလို့ပါ ဆရာမကြီးရာ။ ဆရာမကြီးရုံးခန်းကလည်း ဘာမှ ကြည့်စရာမရှိဘူး။"

အောင်မလေး.. သူ့ကို ဖျော်ဖြေရအောင် ရုံးခန်းဖွင့်ထားတယ်များ မှတ်နေလားမသိဘူး။

ဒေါ်ဝင်းကြည် မျက်မှောင်ကုတ်ကာ မျက်လုံးပြူးကြည့်သည်။ ဒါပေမယ့် သူမရဲ့ နဂါးမျက်စောင်းကို အခြားကျောင်းသားများသာ ဖိန့်ဖိန့်တုန်အောင်ကြောက်သည်။ ဒီမိုးယံက ပန်းနှင့်ပေါက်ခံရသလောက်သာ သဘောထားသည်ဆိုတာ သူမ သိသည်။

"ရှုခင်းပုံလေး ဘာလေး ချိတ်ပါလား ဆရာမကြီးရာ။ ကျောင်းသားတွေဆုယူနေပုံတွေက ဘာထူးဆန်းလဲ။ တစ်နေ့တစ်နေ့ ဒီပုံတွေကြားမှာ ဆရာမကြီးနေရတာ စိတ်တွေထိုင်းမှိုင်းမှာပေါ့။ စိတ်ကြည်လင်အောင် စိမ်းစိမ်းစိုစို သဘာဝရှုခင်းပုံတို့ ရေတံခွန်ပုံတို့ ကပ်ထားပါလားဗျာ။"

ဒီကောင်လေးပြောမှ သူမရုံးခန်းတစ်ခုလုံး မီးခိုးမှိုင်းတိုက်ခံလိုက်ရသလို။ တကယ်လည်း နံရံထက်မှာ ဆုတံဆိပ်တွေ၊ ထူးချွန်ကျောင်းသူကျောင်းသားများ၏ ဓါတ်ပုံများသာရှိသည်။ သူမအမြဲတမ်းဂုဏ်ယူဝင့်ကြွားခဲ့ရသည့်ပုံတွေက ဒီကောင်လေးနှင့်တွေ့မှ အကုန်ဖြုတ်ခံရမည့်ကိန်း ဖြစ်နေပြီဖြစ်သည်။ ဗိုလ်ချုပ်ပုံနှင့် နိုင်ငံတော်အလံကို ချမ်းသာပေးတာကိုပဲ ကျေးဇူးတင်ရမလို။

ဒေါ်ဝင်းကြည် လက်ထဲမှကြိမ်လုံးနှင့်သာ ထရိုက်လိုက်ချင်သည်။ တိတ်တိတ်နေခိုင်းလို့သာပဲ ဒီလောက်စကားများနေတာ။ ခေါင်းကလည်း ရုံးခန်းထဲမှာ ဟိုဘက်လှည့်၊ ဒီဘက်ကြည့်နှင့်။ ပညာရေးဝန်ကြီးဌာနမှ စစ်ဆေးရေးဝင်တာတောင် ဒီမိုးယံလောက် မစေ့စပ်။

"ကျောင်းအုပ်ဆိုတာ ခေါင်းအရမ်းစားတာဗျ။ ကျွန်တော်သိတာပေါ့။ ပြီးတော့ ကျွန်တော်တို့လို လူငယ်တွေကို ထိန်းရတယ်ဆိုတာ လွယ်တဲ့အလုပ်လား။"

အောင်မလေးဟဲ့..

ဒေါ်ဝင်းကြည် ရင်ကိုသာ ဖိထားမိတော့သည်။ ဘယ့်နှယ်တော်။ သူမက မဆူရဘဲ လူငယ်ပဲလေ ဘာညာဆိုပြီး ပြန်အားပေးရမလိုဖြစ်နေပြီ။

ဆူးWhere stories live. Discover now