စေတနာ့ဝန်ထမ်းတွေဆိုတာလည်း အမည်ခံရုံနဲ့
တကယ် စေတနာမပါရင် အချိန်ကုန်ခံပြီး လာမလုပ်ကြနဲ့လေ....။ ကူညီပေးမဲ့ လူအင်အားရလို့ ဝမ်းသာပေမဲ့ အတုအယောင်တွေတော့ မလိုချင်ဘူး....။
အင်း....ဒီကိစ္စ ဘုန်းဘုန်းကိုပြောမှပါ....

ကြယ်စိတ်ထဲက တွေးလိုက်ပြီး အစောပိုင်းက ငိုနေသော
ကလေးနားမှာ ငုတ်တုတ်လေး သွားထိုင်လိုက်သည်။

"သားသား....ထမင်းဘာလို့မစားတာလဲ......."

ကြယ်မေးတာကို ၅နှစ်၊၆နှစ် အရွယ်လောက် ရှိပြီဖြစ်သော
ကလေးလေးက ဘာမှပြန်မဖြေ၊တရှုတ်ရှုတ်နှင့်ငိုပြီး ခေါင်းသာခါပြနေသည်။

"ထမင်းမစားရင် သားသားဗိုက်ဆာနေမှာပေါ့....
လာ..ကိုကိုခွံ့ကျွေးမယ် စားနော်...."

ဇွန်းကိုကောက်ကိုင်ပြီး ထမင်းပေါ်ကို ပဲဟင်းရည်နည်းနည်းဆမ်းကာ အလုတ်သေးတစ်လုတ်
ပြင်ပြီး ပါးစပ်သေးသေးလေးနား ကပ်ပေးတော့
ပါးစပ်ကိုအတင်းပိတ်ထားပြီး လက်ကို ဖယ်ထုတ်ပစ်သည်။

ဇွန်းကိုပြန်ချ ကလေးလေးကို ပေါင်ပေါ်ချီတင်လိုက်ပြီးတော့
ချော့မော့ပြောဆိုရသည်။

"မငိုနဲ့လေသားသားရဲ့ တိတ်နော်....ငိုနေရတာ မမောဘူးလား.....ပြီတော့ မျက်လုံးတွေ ဖောင်းအစ်လာမှာရော မကြောက်ဘူးလား....."

ကလေးတွေက ယုယပေးရင် ပိုဝမ်းနည်းတတ်တယ် ဆိုတာအမှန် ပေါင်ပေါ်ချီတင်ပြီး
ခေါင်းလေးပွတ် ချော့ကာမှ မျက်လုံးနှစ်ဖက်ကိုပွတ်ပြီး
တိုး၍ငိုနေသော ကလေးငယ်....။

မဆီမဆိုင်...ငယ်ငယ်တုန်းက ကြယ့်ပုံစံကို သွားမြင်မိသေးတော့ ကြယ်ပါ ဝမ်းနည်းလာသည်။

ကိုယ်ကပါရော၍ ဝမ်းနည်းနေလို့ မဖြစ်ဘူးဟု တွေးမိတော့
မျက်လုံးအတွင်းသားတစ်လျှောက် ဝေ့လာသော အရည်ကြည်တို့က ငုံ့လျိုးကာ ပြန်ပျောက်ကွယ် သွားပြန်သည်။

ထိုအချိန် ကြားရသော ရှိုက်သံအချို့ကြောင့် ပြတ်တောင်းပြတ်တောင်းအသံလေးက ကြယ့်ကို
စိတ်မကောင်းခြင်းများစွာ ဖြစ်သွားစေပြန်သည်။

"မေ...ဟင့်...မေ့..ကို..ဟင့်....သတိ...ဟင့်...ရတယ်....."

ကိုယ်လုံးသေးသေးလေးအား ဖက်ထားကာ
ကျောကုန်းလေးကို ပွတ်သပ်ပေးရင်း....

CHANGE(ခ်ိန္း)Completed(Z&U)Where stories live. Discover now