သော်တာအေးလဲ့ - မနက်ဖြန်မှ ပြုံးတော့မယ်

1.4K 37 3
                                    

သော်တာအေးလဲ့ဆိုတာက ဒီဘက်နောက်ပိုင်းမှ ပေါ်လာတဲ့ ကလောင်အသစ်တစ်ချောင်းပါပဲ။ ဒီစာအုပ်အရှေ့မှာ လရိပ်ပိုးမျှင်ဆိုတဲ့ တစ်အုပ်ရှိပြီး အဲ့စာအုပ်ကလည်း ကောင်းတယ်ပြောတယ်။ ကြားတော့မကြားဖူးခဲ့ပါဘူး။ ဒါပေမယ့် ဒီစာအုပ်လေးကို ဝယ်လိုက်ရခြင်းက စာအုပ်အဖုံးကြောင့်ပါ။ စာအုပ်အဖုံးက The KISS ဆိုတဲ့ ပန်းချီကားကို မှီငြမ်းပြီး ဝတ္ထုနဲ့ လိုက်ဖက်အောင် သေချာပြောင်းလဲပြင်ဆင်ထားတယ်လို့ ထင်ပါတယ်။ ဝတ္ထုကိုဖတ်မိမှ မျက်နှာဖုံးပန်းချီကို နားလည်ပါလိမ့်မယ်။

ဇာတ်လမ်းလေးကတော့ ရိုးမလိုနဲ့ ဆန်းပါတယ်။ စိတ်ပညာအကြောင်းအရာလည်းပါတာမို့ ဗဟုသုတလည်းရပါတယ်။

(Spoiler Alert 🚨 )
ကျီးညိုဆိုတဲ့ မိန်းကလေးဟာ မောင်နှမဝမ်းကွဲနှစ်ယောက် တစ်ညတာ မှားယွင်းမိရာက အသိုင်းအဝိုင်းရဲ့ ငြိုင်ြခြင်းကို ခံရပြီး မွေးလာတဲ့ ကောင်မလေးပါ။ သူ့စိတ်ထဲမှာ မောင်နှမတွေယူရင် မွေးလာတဲ့ကလေးက ကျပ်မပြည့်ဘူးဆိုတဲ့ အသိကို ရိုက်သွင်းခံခဲ့ရတယ်။ သူ့ကိုလည်း ကျပ်မပြည့်ဘူး၊ ထုံတယ်၊ ရုပ်ဆိုးတယ်ဆိုပြီး သူ့ပတ်ဝန်းကျင် သူ့ကိုထိန်းကျောင်းတဲ့သူတွေရဲ့ တစ်ချိန်လုံးအပြောခံခဲ့ရတဲ့အခါ ကျီးညိုဟာ သူ့ကိုယ်သူ တကယ်ပဲ ကျပ်မပြည့်ဘူး၊ လူစဉ်မမှီဘူးလို့ ခံယူသွားပါတယ်။  သူ့ကိုကိုယ်ဝန်ရတာဟာ သူ့အမေက အနေအထိုင်မတတ်လို့ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ အားနည်းသူဘက်ကိုပဲ အပြစ်တင်တဲ့ စကားကို သူအခါခါပြန်ကြားရတယ်။ ဖအေရဲ့ အသိအမှတ်ပြုမခံရတဲ့အပြင် မအေကလည်း အဝေးမှာ မကောင်းတဲ့အသက်မွေးဝမ်းကြောင်းပေါ် ရောက်သွားတဲ့အခါ သူ့ကို ထိန်းကျောင်းပေးတဲ့အိမ်က ဝမ်းကွဲမောင်နှမတွေ၊ ဦးလေးတွေရဲ့ ရိုက်နှက်ခြင်း၊ လိင်အမြတ်ထုတ်ခြင်းခံရတဲ့အခါ ကျီးညိုလေးဟာ မသိစိတ်မှာ လိင်မှုကိစ္စကို ရွံကြောက်ကြီးဖြစ်သွားလို့နေပါတယ်။ ဒီလိုနဲ့ သူ့အမေသေတဲ့အခါ သူတစ်ခါမှမမြင်ဖူးတဲ့ သူ့အဖေဘက်က အဘွားဖြစ်သူက နေ့ချင်းညချင်းရောက်လာပြီး သူ့ကို မွေးစားလိုက်ပါတယ်။ သူ့အဘွားရဲ့ စည်းမျဉ်းတွေ၊ ဘာသာရေးဆုံးမမှုတွေအောက်မှာ ကျီးညိုကနေ စိမ့်လှယဉ်ဖြစ်လာသူကလေးဟာ စိတ်ကို ဘယ်လောက်တောင် ထိန်းချုပ်ထားရမယ်ဆိုတာ။ ဒါ့အပြင် သူ့ရဲ့မိထွေးဖြစ်သူ၊ သူ့က်ုအဖတ်မလုပ်သူ အဖေ၊ သူနဲ့ ဖအေတူမအေကွဲ အရမ်းချောမောလှပတဲ့ အမနဲ့ တစ်အိမ်တည်းနေရတဲ့အခါ အားငယ်မှုအပြင်၊ သိမ်ငယ်မှု၊ သူတစ်ပါးရဲ့အာရုံစူးစိုက်မှုကို ခံလိုမှုတွေက စိမ့်ကိုယ်တွင်းမှာ တဖွားဖွားပေါ်လာပေမယ့် အတင်းချိုးနှိမ်တာကြာတဲ့အခါ စိတ်ကျရောဂါစွဲကပ်လာပါတယ်။ ဒါကို ဘယ်သူမှ မသိပါဘူး။ သူတစ်ယောက်တည်းဖြစ်နေတာ။ သူ့အဖွားကလည်း တစ်ဖက်မှာ မိန်းမကောင်းဆိုတာ ဘယ်လို ဘယ်ညာဆိုတဲ့ ပုံရိုက်သွင်းခြင်းခံလာတဲ့အခါ စိမ့်ဟာ အားကိုးရှာပါတော့တယ်။ သူတက်တဲ့ပန်းချီသင်တန်းက ဆရာကို လေးစားအားကျတဲ့ အကြည့်တွေနဲ့ စိမ့်ဟာ ပန်းချီဆရာခေါ်ရာ လိုက်သွားတော့တယ်။ ဒါပေမယ့် တကယ်တမ်း စိမ့်လိုချင်ခဲ့တာ နူးညံ့နွေးထွေးတဲ့ အချစ်ဖြစ်ပေမယ့် သူလေးစားအားကျချစ်ရတဲ့သူဆိုတဲ့ ပန်းချီဆရာကလည်း နောက်ဆုံး သူ့အပေါ် ဒါပဲမျှော်လင့်တာလားဆိုပြီး ထင်သွားပါတယ်။ ပိုဆိုးသွားတာက အဲ့ဒီ့ပန်းချီဆရာကို လက်ထပ်လိုက်ရခြင်းပါ။ နောက်ပိုင်းမှာ မျိုသိပ်ထိန်းချုပ်လွန်းအားကြီးတဲ့ စိမ့်ဟာ မရှိတဲ့ပုံရိပ်တွေ မြင်ယောင်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းတွေဖန်တီးပြီး ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲဆိုတာ ဝတ္ထုကိုဖတ်ကြည့်ပါ။ (အသားကုန် spoil ပြီးမှ ဖတ်ခိုင်းနေတယ် 😆)

စာအုပ်စင်Where stories live. Discover now