'' မင်း ပြောတာလည်း ဟုတ်တာပဲ။ မင်းမှာက
စားဝတ်နေရေးအပြင် ပညာရေးအတွက်ပါ ရုန်းကန်ရသေးတာကို။ ဒါတောင် လင်းသစ်က လိမ္မာလို့ ''

''  အလုပ်လျှောက်လွှာက Mail ပို့ရမှာ။ မင်းလည်း လုပ်မှာ သေချာရင် Mail ပို့ဖို့ အချိန် ဆွဲမနေနဲ့ ''

'' ဒီတစ်ခါတော့ အတည်ပါကွ!  ကျန်တာ ညကျမှ ဆက်ပြောရအောင်။ ငါ သွားတော့မယ်။ ဟိုမှာ ဇူး လာနေပြီ။ ညကျ မင်း ပို့ပြီးရင် ငါ့ကို ဖုန်းဆက်ဦး ''

မော်တာစက်အတိုင်း မြန်မြန်သွက်သွက် ပြောပြီး သုတ်ခြေတင်သွားသည့် နေသော်။ သို့သော် မဆုံချင်လို့ပဲဖြစ်ဖြစ်၊ မကြုံချင်လို့ပဲဖြစ်ဖြစ် ဖန်လာသော ကံအကြောင်းတရားကိုတော့ မလွန်ဆန်နိုင်ပုံ။ နေသော်ကအထွက် ဇူးကအဝင်နှင့် တစ်ဦးကိုတစ်ဦး  မကြည်ဖြူကြသူ နှစ်ဦး ဆိုင်အဝမှာ ထိပ်တိုက်တိုးတော့သည်။ အပြုံးတု မျက်နှာဖုံးတွေ ကိုယ်စီတပ်ရင်း နှုတ်ဆက်နေတာ တွေ့တော့ သဘောကျရ ပြန်သည်။

မာယာများတဲ့ လောကကြီးမှာ မုသားမပါ လင်္ကာမချောဆိုတော့လည်း --။ ကိုယ်စီကိုယ်ငှ
အလှ မျက်နှာဖုံး တစ်ခုတော့ ဆောင်ထားတတ်ဖို့ လိုတာပေါ့။

'' ကို ''

နေသော် ထိုင်သွားသော ခုံတွင် ဝင်ထိုင်ထိုင်ချင်း ခေါ်လာသူ။

'' ကို.. ဇူး ခေါ်နေတယ်လေ ''

အသံမပေး ခေါင်းဆတ်ရုံသာ ထူးတော့ ဇူးက မကျေနပ်။ နေမြဲတိုင်းသာ နေ၍ မချော့ဖြစ်။ ရှေ့က ရေနွေးအိုးထဲက ရေနွေးကြမ်းကိုသာ ငှဲ့ဖြစ်သည်။

'' ပြောလေ ဇူး ''

'' ကိုက အေးတိအေးစက်နိုင်လိုက်တာ။ ဇူး ဒီလောက် ခေါ်နေတာကို အရေးမလုပ်ဘူး။ ကိုရဲခေါင်ဆို ကို့လို မဟုတ်ဘူး ''

ချစ်သူအပေါ် ဆိုးနွဲ့ချင်နေသော မိန်းမချောလေးက နှုတ်ခမ်းလေး ကိုက်လို့ စကားကျွံ သွားကြောင်းကို သတိပြုလိုက်မိဟန်။ ရွှန်းလဲ့လဲ့ မျက်ဝန်းတွေနဲ့ အားတုံ့အားနာ ကြည့်လာ၏။

'' အင်း။ ကိုယ်က ဒီလိုပဲ နေတတ်လို့ပါ ''

ရေနွေးကြမ်းကို အအေးခံရင်း စိတ်ထဲ ရှိတဲ့အတိုင်း ပြောမိတော့ ကောက်ချက်ချလွဲသူက အရွဲ့တိုက်လေခြင်းဟု ဘာသာပြန်သွား၏။ မျက်နှာလေး ငယ်ချလာရင်း အသံတိုးတိုးလေးနဲ့ ပြောလာပုံက အပြစ်ကင်းတဲ့ သိုးဖြူလေးပမာ။

My X Where stories live. Discover now