" ဒါ....ဘယ်နေရာကို ရောက်လာတာလဲ.."

ယောလ်က ပြန်မဖြေသေးဘဲ ဘတ်အွန်း ဆင်းလာစေဖို့ ထိုင်ချပေးလိုက်သည်။ ဘတ်အွန်းမှာ တစ်ခြားကမ္ဘာကိုပဲ ရောက်သွားပြီး အထင်နှင့် ပါးစပ်အဟောင်းသား ဖြစ်နေရှာသည်။

" ယောလ်.... ဒါဘယ်နေရာလဲ ...
ကျွန်တော့ရွာကို လိုက်ပို့ပေးမယ်ဆို
ဒါက....ဘယ်ရောက်သွားတာလဲ "

ဘတ်အွန်း နောက်လှည့်လာပြီး မေးတော့
ယောလ်က လူအသွင်နဲ့ ဖြစ်နေပြီး သူ့ကို
တွေတွေလေး ငေးကြည့်နေသည်ကို တွေ့ရသည်။

" ငါ... တောင်ပံတစ်ခါ ခတ်လိုက်ရင် (၁၀)မိုင် အကာအဝေးကို ခရီးရောက်တယ်။ သေချာတာတော့ ငါ မင်းရဲ့ ရွာကို ကျော်သွားတယ် ထင်တယ် ..."

နောက်ပိုင်းစကားလုံးများက သိသိသာသာ တိမ်ဝင်သွားသည်။ နဂါးကြီးမှာ တစ်သက်တွင် တစ်ခါ ပထမဆုံး လိမ်လည်လိုက် ရသည့်အတွက် မလုံမလဲ ဖြစ်သွားရသည်။ သို့သော်လည်း ဘတ်အွန်းက အမှန်ဟု ထင်မှတ်သွားသည်။

" ဒါပေမဲ့လည်း.... ပြန်လှည့်ပြီး ပို့လို့ရတာပဲ "

ယောလ် ဘာမှထပ်မပြော၊ ခေါင်းသာငုံ့နေသည်။ ငွေဖြူရောင်ဆံနွယ်တွေမှာ နေရောင်ဖြင့် အရောင်တစ်လဲ့လဲ့နှင့် လှပလွန်းနေ၏ ။ ဘတ်အွန်း စိတ်လျော့စွာဖြင့် သူ့ရှေ့ရှိ နတ်နဂါးလူသားကြီးကိုသာ ငေးကြည့်နေရသည်။

နတ်မျိုးနတ်နွယ်မို့ ဒီလောက်ထိ ကြည့်ကောင်းနေရသလားဟု မေးခွန်းထုတ်ချင်နေမိသည်။ တောင့်တင်းကြံ့ခိုင်ပြီး ပြီးပြည့်စုံနေပုံသည် ဘတ်အွန်းလို လူသားလေးနှင့် ယှဥ်လို့ပင် မရနိုင်ချေ။

ဒီလို ပြီးပြည့်စုံနေသည့် နတ်နဂါးကြီးက ဘာလို့များ လူသူကင်းမဲ့နေသည့် ကျွန်းကြီး တစ်ကျွန်းဆီ ခေါ်လာခဲ့သလဲ စဥ်းစားလို့ပင် မရချေ။ အတောင်ပံကပဲ ညောင်းသွား၍ လား။ နတ်အစွမ်းများ ကုန်ခမ်းသွား၍လား။
သို့မဟုတ်....

" ယောလ် .... ကျွန်တော့်ကို ဖမ်းလာတာတော့
မဟုတ်ပါဘူးနော်... "

ဝိုင်းစက်ကြည်လင်နေသော အပြာရောင် မျက်ဝန်းများ ပြန်လည်မော့ကြည့်လာသည့် အခိုက်အတန့်သည် ဘတ်အွန်း နှလုံးသားအား ဖျစ်ညှစ်လိုက်သလိုပင်။ လူကောင်ကြီးနှင့်မလိုက်အောင် ချစ်စရာကောင်းလွန်း လှသည်။

Dragon's Blade [ Season-1] (Z+U)Where stories live. Discover now