"သူနဲ့ဆိုရင် အရမ်းလိုက်မှာပဲ။"

ပြန့်ကျဲနေသော အ၀တ်အစားများကို ငုံ့ကြည့်ရင်း လင်းလက် ၀မ်းသာအားရပြောလာတော့ ကိုကို မသိမသာ မျက်မှောင်ကြုတ်မိသွားသည်။

"ဘယ်သူလဲ လင်း။"

"ဟုတ်သား။ ကိုကို့ကိုတောင် မပြောရသေးဘူး။ လင်းမှာ မောင်လေးတစ်ယောက် ကောက်ရနေပြီ။ သူ့နာမည်က ဒီမိုးယံတဲ့။"

လင်းလက်၏ တက်ကြွနေသော ပုံစံလေးက ချစ်စရာကောင်းသလို ရင်မောစရာလည်းကောင်းနေသည်။ အပြုံးတောက်တောက်များက ကိုကို တစ်ခါမှ မမြင်ဖူးခဲ့သည့် အပြုံးတွေရယ်ပါ။

"ဟာ။ ဒီဒီ လာ။ ကိုကိုနဲ့ မိတ်ဆက်ပေးရမယ်။"

အိမ်ရှေ့တံခါးပေါက်မှာ မတ်တပ်ရပ်ရင်း သူတို့ရှိရာသို့ လှမ်းကြည့်နေသော ကောင်လေးတစ်ယောက်။ ပထမဆုံး သတိထားမိသည်က ချောမောခန့်ညားလွန်းသည့် မျက်နှာကျနှင့် ကြံ့ခိုင်သောကိုယ်ခန္ဓာကိုဖြစ်သည်။ အသက်မပါသော မျက်လုံးသေများက တစ်မျိုးလေးဆွဲဆောင်မှုရှိနေတာကို ဘယ်သူမှ ငြင်းနိုင်မည်မထင်။

"မမ။ ဧည့်သည်ရောက်နေတာလား။ ဒါဆို ကျွန်တော်ပြန်လိုက်ဦးမယ်။"

"ကိုကိုက ဧည့်သည်မဟုတ်ပါဘူးနော်။ လာ။ မင်းအတွက် မမ ရှမ်းဝတ်စုံတွေ မှာထားတာ ရောက်လာပြီ။ လာကြည့်ဦး။"

"မမကတော့ ကျွန်တော့်ကို ကလေးအရုပ်လို အ၀တ်အစားဝတ်ပေးရရင်ကို ပျော်နေတာ။"

သူ့ရှေ့မှာ ၀င်ထိုင်ရင်း စိတ်ပျက်လက်ပျက်ပုံစံနှင့် ခပ်ပြုံးပြုံးပြောနေသည့် ကောင်လေးတွင် ရှက်ရွံ့အားနာဟန်မရှိ။ ရဲတင်းပြတ်သားမှုနှင့် ခန့်ညားမှုတို့သာရှိနေသည်။

"အ၀တ်အစားဝတ်ပေးရုံပဲမဟုတ်ပါဘူးနော်။ မင်းကိုမော်ဒယ်လ်ချောချောလေးဖြစ်တဲ့အထိ မမက တာဝန်ယူထားတာ။ အခုလည်း ကိုကို့ကို ပူဆာမလို့။ ရန်ကုန်မှာ ကိုကို့အသိတစ်ယောက်ရဲ့ သင်တန်းမှာ ဒီဒီ့ကို အပ်ပေးသွားရမယ်နော်။ ဒါပဲ။"

"မမသဘောပါဗျာ။ ကြိုက်သလိုသာစီစဉ်။"

ဆိုဖာပေါ်မှာ ခါးကိုလျှောဆင်းထိုင်နေသည့်ကောင်လေးကိုတစ်လှည့် သူ့ရှေ့မှ လင်းလက်ကိုတစ်လှည့်ကြည့်ရင်း ကိုကို မယုံနိုင်လောက်အောင် အံ့သြနေရသည်။ ယခုလို သူ့မျက်စိရှေ့မှာတွေ့ရတာမျိုးမဟုတ်လျှင် လင်းလက်မှာ ဒီလောက်တရင်းတနှီးဆက်ဆံနေသည့် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရှိနေသည်ကို ဘယ်လိုမှယုံနိုင်မှာမဟုတ်။

"မင်းက မော်ဒယ်လုပ်ဖို့ လူဖြစ်လာတာ ဒီဒီလေးရဲ့။ ဒီ အယ်လ်ဘမ်ကိုကြည့်စမ်းပါဦး ကိုကို"

လင်းလက်က စားပွဲပေါ်မှ ဓါတ်ပုံအယ်လ်ဘမ်တစ်ခုကို ကမ်းပေးရင်း ပြောသည်။ ဓါတ်ပုံတွေကိုမြင်မှ လင်းလက်ဆိုလိုတာကို ကိုကို သဘောပေါက်သွားသည်။ ပုံစံအမျိုးမျိုး၊ ၀တ်စုံအမျိုးမျိုးဖြင့် ရိုက်ကူးထားသော ဓါတ်ပုံများထဲမှာ ရှိနေသူသည် သူ့ရှေ့မှာ သက်သောင့်သက်သာထိုင်နေသော သာမာန် ကောင်လေးပါဟု ယုံချင်စရာမရှိလောက်အောင်ပင်။

"ကိုကိုတွေ့လား။ ကင်မရာရှေ့မှာ သူ နေပုံက ဘယ်လောက် သဘာဝဆန်လဲ။ ဘာကိုမှဂရုမစိုက်တဲ့ ဒီမျက်လုံးစိမ်းလေးတွေရဲ့ အစွမ်းကို လျော့မတွက်နဲ့။ ကိုကို မပြန်ခင် သူ့ကိုတစ်ခါတည်း သင်တန်းအပ်ပေးခဲ့ရမယ်နော်။"

လင်းလက်ပြောနေသည်ကို သူ လက်မခံလို့မရတော့။ နာမည်ကြီး မော်ဒယ်တစ်ယောက်တောင် ဒီကောင်လေးလောက်နေတတ်မှာမဟုတ်။ အကြည့်စူးစူးတွေ။ ခပ်မဲ့မဲ့အပြုံးတွေ၊ ဘာဆိုဘာကိုမှ ဂရုမစိုက်သည့် မျက်နှာပေးအနေအထားတွေ။ ဒီကောင်လေး၏ ဓါတ်ပုံတိုင်းမှာ ဆွဲဆောင်မှုအပြည့်နှင့် ပြတ်သားခန့်ညားလွန်းနေသည်။


ဆူးWhere stories live. Discover now