လူနာများ၏ အဖော်များ၊ မိသားစုလာရောက်နိုင်သောအချိန်ဖြစ်သောကြောင့် အခြားကုတင်များမှာလည်း လူနာစောင့်များဖြင့် စည်ကားနေသည်။ အချင်းချင်း သတင်းမေးသံများ၊ အပြန်အလှန်ဖြေကြားသံများ၊ ညည်းတွားသံများဖြင့် တစ်ခန်းလုံး ပြည့်နေသည်။ တစ်ခန်းလုံးတွင် တစ်လုံးတည်းရှိသော တီဗွီငယ်မှ သတင်းကြေငြာသံတိုးတိုးသည်လည်း နောက်ခံတီးလုံးသဖွယ် ခပ်မှန်မှန်ပေါ်ထွက်နေပါသည်။

ဝရန်တာဘေး အခြား အခန်းထောင့်တွင်တော့ လက်ရာမြောက်သော ကျောက်ဆစ်ရုပ်နှစ်ခုကို ဘေးချင်းယှဉ်ချထားသည်ဟု ထင်ရလောက်အောင် ငြိမ်သက်နေသောသူ နှစ်ယောက်ရှိသည်။

တစ်ယောက်က ကုတင်ထက်တွင် လှဲလျောင်းနေပြီး အခြားတစ်ယောက်မှာမူ လူနာကုတင်ဘေးမှ ထိုင်ခုံငယ်တွင် ငြိမ်သက်စွာ ထိုင်နေခြင်းဖြစ်သည်။ ပြတင်းပေါက်မှ နှင်းမှုန်များကို ငေးကြည့်နေသည့် ထိုလူငယ်၏ မျက်ဝန်းများသည် ရီဝေနေသည်။ နှင်းခဲပွင့်ငယ်များ တွဲခိုနေဟန် အရည်ကြည်လဲ့နေသော မျက်လုံးများနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းများသည် အသက်ရှူနေသေးရဲ့လားဟု အခြားသူများ အထင်မှားလောက်နိုင်သည်။ လက်တစ်ဖက်ကတော့ ကုတင်ထက်မှ လဲလျောင်းနေသော လူငယ်၏ လက်ချောင်းများကို ထိကိုင်သည်ဆိုရုံ အုပ်ကိုင်ထားသည်။ ဆုပ်ကိုင်လိုက်လျှင်ပင် နာကျင်မည်ကို စိုးရိမ်သည့်အလား ဖွဖွလေးသာ၊ ထိသည်ဆိုရုံလေးသာ ဖြစ်သည်။

လှုပ်ရှားမှုဟူ၍ လူနာကောင်လေး၏ မျက်တောင်များ တဖြည်းဖြည်း ပုတ်ခတ်လာခြင်းသာရှိသည်။ ဖွင့်မလို၊ မဖွင့်မလို အချိန်ကြာအောင် အားစိုက်ရသည့်ဟန် မျက်ခုံးနှစ်ခုကြားမှာ အကြောင်းငယ်တစ်ခု ထင်လာသည်။ ဘေးနားမှာ ကောင်လေး၏ခါးမှာ ထိုလှုပ်ရှားမှုကြောင့် မတ်သွားသော်လည်း အခြားပျာယာမှုရှိမနေ။ အကြည့်များက ထိုးဖောက်တော့မည့်ဟန် စိုးရိမ်စိတ်လှုပ်ရှားမှုများနှင့် တောက်လောင်နေသော်လည်း ကိုယ်ခန္ဓာမှာ လှုပ်ရှားမှုမရှိ။

ပွင့်လာသော အစိမ်းရောင်မျက်လုံးများသည် ဘာကိုမှမမြင်သလို မျက်နှာကြက်ကိုသာ စိုက်ကြည့်နေသည်။ ကြာမြင့်စွာအိပ်မောကျနေရာမှ နိုးထလာသည့် နတ်သားငယ်တစ်ပါးလိုပါ။ အသက်ရှူသံနှင့် နှလုံးခုန်နှုန်းတိုင်းတာသည့် စက်မှ ပုံမှန်ထွက်ပေါ်နေသော beep သံများသည်သာ သူတို့နှစ်ယောက်ကြားမှာ ကြီးစိုးနေသည်။

ဆူးWhere stories live. Discover now