"ခြေကျင်ပဲတက်ရအောင် ထွဋ်ထွဋ်ရာ။"

"မတက်ပါဘူး။"

"ဒီမှာကအကြာကြီးစောင့်ရမှာကွ။"

ခြေကျင်တက်မည့် လူတန်းက ပိုနည်းသလိုဖြစ်သောကြောင့် ရှိုင်းထွဋ်ကိုသိမ်းသွင်းကြည့်သော်လည်း မအောင်မြင်။ ဒီကိုရောက်ကတည်းက နေရာတကာ ချွေတာရေးလိုက်လုပ်နေသော ရှိုင်းထွဋ်မှာ အခု ဓါတ်လှေကားနှင့်တက်ဖို့အတွက် ဈေးပိုပေးရတာကိုတော့ အသံတိတ်နေသည်။

"ဟိုဘက်မှာလည်း အတူတူပဲ။"

"လူပိုနည်းတယ်။"

"မင်းဘာသာမင်းသွားတက်။ လှေကားထစ်ပေါင်းက ၁၇၀၀ လောက်ရှိတယ်ဟေ့ကောင်။"

ဓါတ်လှေကားနှင့် တက်ရမည်ဆိုလျှင် ခြေညောင်းခံစောင့်ဖို့လည်း ရှိုင်းထွဋ် ၀န်မလေးသည်မှာ သေချာသည်ဖြစ်၍ သူ ဘာမှမပြောတော့။ စောင့်ရသည်မှာကြာသော်လည်း မျှော်စင်ကြီးကို အနီးကပ်မြင်ရသည်မှာ အံ့သြရင်ခုန်စရာ ကောင်းပါသည်။ မိုးကောင်းကင်ကို ဖြောင့်တန်းစွာ လက်ကမ်းနေဟန် မြင့်မားလှသည့် မျှော်စင်နားရောက်လေ လက်ဖျားတွေအေးကာ ရင်တွေခုန်လာစေသလို အပျော်လှိုင်းများဖြင့် ကိုယ်ခန္ဓာထဲမှ သွေးစီးကြောင်းများက ပူနွေးလာစေသည်။ ကွေးကောက်သော သံပန်းများ၊ ရှုပ်ထွေးပွေလိမ်နေသော မျဉ်းဖြောင့် မျဉ်းကောက် သံချောင်းများစွာဖြင့် ဖွဲ့စည်းထားသည့် မျှော်စင်ကြီးအောက်မှာ သူတို့သည် ဘာမှမဟုတ်သည့် ပုရွက်ဆိတ်ငယ်လေးများလို။

တကယ်တမ်းကျတော့လည်း သူတို့အားလုံး ပုရွက်ဆိတ်တန်းလို ရှည်လျားလှသည့် လူတန်းကြီးဖြစ်လို့နေသည်။ ထို့အပြင် လက်မှတ်ဝယ်ဖို့ကောင်တာရှေ့ရောက်သည်အထိ ခရုကောင်များရွေ့သလို ခြေလှမ်းရွှေ့ရရုံတမယ် ရွေ့လျားနေရသည်။

အချိန်အကြာကြီးစောင့်ရမည်လားဟု တာဝန်ရှိသူများကို အပြစ်ပြောချင်၍လည်းမရ။ တက်ရသည့် ဓါတ်လှေကားမှာ တစ်ခါဆိုလျှင် လူအယောက် နှစ်ဆယ်လောက်သာဆံ့သည်။ ဒုတိယထပ်အထိ တက်ပြီး ပြန်ဆင်းကာ အခေါက်ခေါက်အခါခါ တစ်သုတ်ပြီးတစ်သုတ် ခေါ်ရခြင်းဖြစ်သည်လေ။ ဒုတိယထပ်ရောက်လျှင်တောင် လမ်းတစ်ဝက်သာရောက်သေးသည်ဟု ပြော၍ရသည်။ မျှော်စင်ထိပ်ဆုံးရောက်သည်အထိ နောက်ထပ်ဓါတ်လှေကားတစ်ခုကို တန်းစီရပြန်သည်။

ဆူးWhere stories live. Discover now