"မင်း အပြင်သွားသေးလား။"

စားပွဲမှာဝင်ထိုင်ရင်း သူ မေးဖြစ်သည်။ သူတို့ အခန်းတွင်းမှာ ဘာအဆောင်အယောင်မှ သိပ်မရှိပါ။ နံရံကပ်တီဗွီ၊ နှစ်ယောက်အိပ်ကုတင်၊ ရှိုင်းထွဋ်ထိုင်နေသည့် တစ်ယောက်ထိုင်ဆိုဖာ၊ စားပွဲနှင့် ထိုင်ခုံတစ်ခုသာရှိသည်။ ဒါပေမယ့် သူ့နေရာနှင့်သူဖြစ်သလို ခေတ်မီပရိဘောဂများဖြစ်၍ အမြင်ဆန်းနေသည်။

အခန်းလယ်မှ အတွန့်အလိပ်များနှင့် မီးဆိုင်းကြီးကိုတော့ သူ သဘောအကျမိဆုံးဖြစ်သည်။ ဆိုဖာဘေးနားမှ လူတစ်ရပ်စာမြင့်သည့် အ၀ိုင်းရှည်ပုံစံ ပိတ်ဖြူကာထားသော မတ်တပ်မီးတိုင်ကြီးကိုလည်း နှစ်သက်မိသည်။ အခုလိုမီးထွန်းထားလျှင် လင်းထင်းနေတာမဟုတ်။ ပိတ်ဖြူစကြောင့် လင်းသည်ဆိုရုံ ခပ်နွေးနွေးအလင်းတန်းများနှင့် လှပသလို အကောက်အလိပ်ပုံဖော်ထားသော ပိတ်သားစများကြောင့် အခန်းတွင်းသို့ အလင်းတန်းများ ဖြာကျပုံမှာ ကြည့်ကောင်းနေသည်။

"အချိန်လည်းကြည့်ဦး ဒီရာ။ ငါ တစ်နေ့လုံး ဗိုက်မှောက်နေရမှာလား။"

ရှိုင်းထွဋ်ပြောသည်မှာလည်း မှန်နေသည်မို့ သူ ရယ်ကျဲကျဲနှင့် ဆူရှီဗူးလေးကို ဖွင့်လိုက်သည်။ ရေညှိအုပ်ထားသော ထမင်းလိပ်လေးများမှာ အရောင်အသွေးလှပသော ဖယောင်းတိုင်ငယ်များလို စီရရီရှိနေသည်။ စားရက်စရာပင်မရှိ။ wasabi နှင့် ဂျင်းဖတ်လေးများကိုထောင့်မှာ လှပစွာပုံထားသည့်အပြင် ထမင်းလိပ်နှင့်မရောစေရန် ၀ါးပုံစံ ပလတ်စတစ်အကာငယ်များ ခြားထားပေးသည့်အပြင် တစ်ခါသုံးတူတစ်စုံကိုလည်း ဘေးမှာအဆင်သင့်တွေ့လိုက်ရသည်။

"တော်တယ်ကွာ။"

တူနှင့် ထမင်းလိပ်တစ်ခုကို ညှပ်ယူကာ ဒီမိုးယံ ပါးစပ်ထဲထည့်လိုက်သည်။ ဆာလောင်နေလို့လားတော့မသိ။ အရမ်းကို အရသာရှိနေပါသည်။

"မင်း ဘာတွေဖတ်နေတာလဲ။"

"လည်ဖို့လေကွာ။ ဘယ်နေရာတွေ သွားလည်ရမလဲ လေ့လာနေတာ။"

" အင်တာနက်ကနေ မင်း ရှာထားတာတွေလား။"

Guide စာအုပ်တွေအပြင် စာရွက်တွေက များလွန်း၍ သူ မေးလိုက်ခြင်းဖြစ်သည်။ ဒီကိုလာရမည်ဆိုကတည်းက တစ်နေ့တစ်နေ့ ကွန်ပျူတာရှေ့ထိုင်ကာ ရှိုင်းထွဋ် အပင်ပန်းခံပြီး အချက်အလက်တွေစုဆောင်းနေတာကို သူတွေ့ခဲ့သည်။ ဒါပေမယ့် ဒီလောက်များလိမ့်မည်ဟုတော့ သူ မသိ။

ဆူးWhere stories live. Discover now