" ဆရာ "

ဆရာက သူလှမ်းခေါ်သည်ကို မကြားချင်ယောင်ဆောင်ကာ ဆက်လျှောက်လျက်ရှိသည်။ လူရှင်းသော လက်တွေ့စမ်းသပ်ခန်းများဘက်က စင်္ကြန်လမ်းကိုရောက်တော့မှ စိုင်း ဆရာ့ကို မီပါတော့သည်။ စိုင်းသည် မြန်ဆန်သွက်လက်သော ခြေလှမ်းများဖြင့် ဘေးကနေ ကျော်တက်ကာ ဆရာ့ရှေ့ ပိတ်ရပ်ပစ်လိုက်သည်။

" ဘာလုပ်တာလဲ စိုင်းမင်းခန့် "

ဆရာ့အသံက ပြတ်တောက်မာကျောနေပြီး
ညိုလက်လက်မျက်လုံးများ စူးရှစွာ တောက်ပလျက်ရှိသောကြောင့် စိုင်း အနည်းငယ်ရှိန်သွားပါသည်။

" ဟို ... ပြောစရာရှိလို့ ဆရာ "

" ဘာပြောစရာရှိလို့လဲ ကဲပြော "

ဆရာက စိတ်မရှည်သလို မာကျောစွာ ပြောလိုက်သည်။ဆရာ့ကြည့်ရတာ စိတ်ရှုပ်နေသလိုပဲ။ သို့သော် စိုင်း ကြိုးစား၍ မကွယ်မဝှက် ဖွင့်မေးလိုက်ပါသည်။

" ဟို ဆရာ ကျွန်တော့်ကို အတန်းလာတက်လို့
စိတ်ဆိုးနေတာလားလို့ပါ။ ကျနော်လဲ သက်သာလာတာနဲ့ လာတက်လိုက်တာ "

တင်းမာသော မျက်နှာထားဖြင့် ဆရာ တစ်ချက်စုပ်သပ်လိုက်၏။

" မင်း အတန်းတက်တာ မတက်တာ မင်းရဲ့ Personal ပဲ။
ငါနဲ့ဘာဆိုင်လို့လဲ။ နောက် တစ်ခါ အဲလို အရေးမပါတာကို
အရာလုပ်မနေနဲ့ စိုင်း။ ကိုယ် အဲဒီလောက်အချိန်မအားဘူး "

စိုင်း ဆရာ့ကို အံ့အားသင့်စွာ ငေးကြည့်နေမိသည်။ မာကျောခက်ထန်၍ ရန်လိုမှုအရိပ်အယောင်များဖြင့် ပြည့်နှက်လျက်ရှိသော ဆရာ့စကားတွေက စိုင်း၏ ရင်ဘတ်ထဲသို့ စူးရှချွန်မြစွာ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ မနေ့ညက စိုင်းကို ယုယကြင်နာစွာဖြင့် ဂရုစိုက်ပေးခဲ့သော ဆရာထွန်းကိုကိုမှဟုတ်ပါရဲ့လား။ ဘာကြောင့် အခုလိုပြောင်းလဲသွားသလဲဆိုတာ စိုင်းသိမှဖြစ်မည်။
စိုင်းအပေါ် ဆရာအထင်လွဲနေတာတစ်ခုခုများ ရှိနေလား။
ဆရာက စိုင်းဘေးက ကျော်ဖြတ်၍ ထွက်သွားသောအခါ
စိုင်း ဆရာ့လက်ကို ဆတ်ခနဲ လှမ်းဆွဲလိုက်မိသည်။

" ဖယ်စမ်းကွာ ဘာလုပ်တာလဲ "

" အ "

ဆရာက မိမိလက်ကို ဒေါသတကြီးပုတ်ထုတ်လိုက်သဖြင့် စိုင်း လက်ကောက်ဝတ်ကလေး နာကျင်သွား၏။
အဲတာထက် နှလုံးသား၏ နာကျင်မှုက ပိုမိုဆိုးဝါးသောကြောင့် မျက်ဝန်း၌ မျက်ရည်များ တဖြေးဖြေး ပြည်လျှံလာခဲ့သည်။ ထိုမျက်ရည်များ ပါးပြင်ပေါ်သို့ စီးမကျလာခင်မှာပင် စိုင်း ဆရာ့ရှေ့ကနေ ချာခနဲလှည့်ထွက်လာခဲ့ပါ‌တော့သည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now