"ထွဋ်ထွဋ်ရာ။"

"ဘာလဲ။"

"ဟို...အင်း။ ဘာမှမဖြစ်ပါဘူးကွာ။ လုပ်ချင်သလိုသာလုပ်တော့။"

ရှိုင်းထွဋ် မျက်နှာက မာထန်ထန်ဖြစ်နေသောကြောင့် သူ ဘာမှစောဒကမတက်ရဲတော့။ ကော်ဖီဖျော်ဖို့ကိုသာ အာရုံစိုက်ကာ boiler ကို ခလုတ်နှိပ်ဖွင့်ရင်း ကော်ဖီခွက်ထဲသို့ Nescafe' ထုပ်လေးကို ဖောက်ထည့်လိုက်သည်။ သူ့အတွက်တော့ greentea တစ်ထုပ်ကိုသာ ဖောက်ထည့်ဖြစ်သည်။

စိတ်ကြိုက်အ၀တ်အစားများကို ထုတ်ယူပြီး ရှိုင်းထွဋ်ရေချိုးခန်းထဲဝင်သွားမှ ဒီမိုးယံ ရဲရဲအသက်ရှူရဲသည်။ လှုပ်ရှားခုန်ပေါက်နေသော နှလုံးသားကို ငြိမ်သက်အောင် ကြိုးစားပေမယ့် မအောင်မြင်။ အပြင်မှာတော့ မိုးတွေသည်းတုန်းဖြစ်သည်။ အဖြူရောင်လိုက်ကာကို ဖယ်ပြီး ပင်လယ်ပြင်ကို လှမ်းကြည့်တော့ ကောင်းကောင်းပင် မမြင်ရတော့။ မှန်ကာထားသောနံရံကို လာရောက်ရိုက်ခတ်နေသော မိုးပေါက်များကသာ သူ့မြင်ကွင်းကို ဖုံးကွယ်ထားသည်။

အဲယားကွန်းပိတ်ထားတာတောင် တစ်ကိုယ်လုံး စိမ့်ကာချမ်းလာသည့်အပြင်သူ့ဘောင်းဘီအနားစမှ ရေစက်များမှာ ကြမ်းပြင်ပေါ်တတောက်တောက်ကျနေပြီဖြစ်သောကြောင့် အ၀တ်အစားအမြန်လဲဖြစ်သည်။

"ရေပူနဲ့ရေချိုးရတာ ဇိမ်ပဲ။"

ရေချိုးခန်းထဲမှာ ထွက်လာတာနှင့် ရှိုင်းထွဋ် ပြောလိုက်ခြင်းဖြစ်သည်။ ခါးအောက်ပိုင်းမှာ မျက်နှာသုတ်ပုဝါကို ချက်အောက်လျှောကျနေအောင် ပတ်ထားပြီး  စားပွဲပေါ်မှ ကော်ဖီခွက်ကို လှမ်းယူနေသည်။

"အရမ်းပူတယ်။ မသောက်နဲ့ဦး။"

သူ ရှိုင်းထွဋ်လက်ထဲမှ ကော်ဖီခွက်ကို ပြန်ယူလိုက်ချိန်မှာ နှာခေါင်းထိပ်မှာ နီချင်ချင်ဖြစ်နေသော ရှိုင်းထွဋ်မျက်နှာကို သတိထားမိသည်။ မို့မောက်နေသော မျက်လုံးများကလည်း သူ့ရင်ကို ဗြောင်းဆန်စေသည်။ ရေချိုးရင်း ရှိုင်းထွဋ် မျက်ရည်ကျခဲ့သလားဟု တွေးမိတော့ သူ ဆောက်တည်ရာ မရတော့။ အခုအချိန်ထိ မာဆတ်ဆတ် စကားပြောကာ သူ့ကိုတစ်ချိန်လုံးဟောက်နေသည့်ကောင်လေးက သူ့ကွယ်ရာမှာကျတော့ တိတ်တဆိတ် မျက်ရည်ကျခဲ့သည်တဲ့လား။ သူ ရှိုင်းထွဋ်အကြောင်းကောင်းကောင်းသိတယ်။ မျက်ရည်ကျလွယ်ကာ အငိုသန်ပေမယ့် သူ့ရှေ့မှာတော့မဟုတ်။

ဆူးWhere stories live. Discover now