"သောက်သုံးမကျတဲ့ ကုလား။ မင့်အမေမို့ လမ်းဖယ်ပေးနေတာလဲကွ။"

ရင့်သီးရိုင်းစိုင်းသည့် ဆဲဆိုသံများနှင့် အော်ဟစ်လိုက်သော ထိုအုပ်စုထဲမှ လူတစ်ယောက်သည် မူးနေဟန်တူသည်။ ရှိုင်းထွဋ် စိတ်ထဲတော့ ထင့်သွားသည်။ ထိုအုပ်စုနားတွင် ထိုင်နေသူများမှာ သူ့အတန်းထဲမှ မိန်းကလေးတစ်စုဖြစ်သည်။ ထိုမိန်းကလေးများလည်း စိတ်ညစ်ညူးစွာ အကူအညီရှာဟန် ဘေးဘီဝဲယာကို လှမ်းအကြည့်မှာ ရှိုင်းထွဋ်နှင့် အကြည့်ချင်းဆုံမိကြသည်။

"ယမင်း ဒီဘက်ကိုလာ။"

ရှိုင်းထွဋ် လှမ်းအခေါ် ထိုအုပ်စုထဲမှ ဘောလုံးသမားများကို ပျစ်ပျစ်နှစ်နှစ်ဆဲနေသူက ခေါင်းလှည့်လာသည်။

"ဘာလဲ။ မင်းက မိုက်လို့ ငါ့ကိုကြည့်တာလား။"

ရန်ပွဲတစ်ခုတော့ စတော့မည်ဆိုတာ သူ သိလိုက်သည်။ ထောင့်ဘက်နားကျနေသော သူတို့အဖြစ်ကို ဘောလုံးပွဲကိုသာ အော်ဟစ်အားပေးနေသည့် သူ တော်တော်များများ သတိမထားမိကြ။ သူ့ကိုယ်ကို စိတ်ပူရမှာထက် သူငယ်ချင်းဖြစ်သူအတွက် စိတ်ပူကာ ယမင်း ဟိုဘက်သွားစမ်း ဟု ထပ်ပြောဖြစ်သည်။ ဒယိမ်းဒယိုင်နှင့် ထလာသော ထိုသူကို သူငယ်ချင်းဖြစ်ဟန်တူသူများက လှမ်းဆွဲသောလည်း မမီလိုက်။ ခဏချင်းမှာပင် သူ့နားသို့ ရောက်လာသည်။

"ခွေးသူတောင်းစား။ မင်းက ငါ့ကို ဘာကောင်မှတ်လို့လဲ ဟင်။"

သူ့လည်ပင်းကော်လံကိုဖျတ်ခနဲ ဆွဲကိုင်လိုက်သော ထိုလူ၏ လက်မောင်းများက သန်မာလွန်းသည်။ ထိုင်နေရာမှ တစ်ကိုယ်လုံး မြောက်တက်သွားသလိုပင် ထိုသူလက်ထဲသို့ ရှိုင်းထွဋ် စွေ့ခနဲ ပါသွားသည်။

"ဟေ့လူ။"

ပြတ်သားသော ခေါ်သံနှင့် ထိုသူ့ပခုံးပေါ် ခပ်ဖွဖွ ပုတ်လိုက်သော လက်ချောင်းများ။ ထို့နောက်မှာတော့ ခွပ်ခနဲ အသံနှင့်အတူ ထိုလူလည်း ခေါင်းလည်သွားကာ ကြမ်းပြင်ပေါ် ခွေကျသွားသည်။ အရှိန်နှင့် သူ ယိုင်သွားပေမယ့် နောက်ဘက်မှ လက်တစ်ဖက်နှင့် ထိန်းလိုက်သောကြောင့် ရှိုင်းထွဋ် ပြိုလဲသွားခြင်းမရှိလိုက်။

ဆူးWhere stories live. Discover now