"တူလိုက်တာနော်။"

"ဟင်။"

"နောက်က တစ်ယောက်လေ။ ငါ့အသည်းလေးနဲ့ တူလိုက်တာလို့။"

နှင်းပွင့်က သူ့နားကပ်ကာ တိုးတိုးပြောပေမယ့် သူ့နားထဲမှာ အကျယ်ကြီးဖြစ်နေသည်။

"ဒါပေမယ့် တကယ့် ဒီမိုးယံတော့ မဖြစ်နိုင်ဘူး။ သူက ဒီလိုပွဲမျိုးတွေ လာမှာ မဟုတ်ဘူး။ cosplay ပဲဖြစ်ရမယ်။"

ရှိုင်းထွဋ် သူငယ်ချင်းဖြစ်သူကို ပြန်လည်မဖြေရှင်းဖြစ်။ ဒီမိုးယံမှန်းသိလျှင် ကမ္ဘာပျက်သလို အဖြစ်သည်းနေမည့် သူငယ်ချင်းအကြောင်းကို သူ သိနေ၍ ဒီမိုးယံမဟုတ်ဟု သူမထင်နေသည်ကို သူ ပြန်မငြင်းမိ။ ဒါပေမယ့် သူတို့နောက်မှာ ရှိနေသူသည် ဒီမိုးယံမှ ဒီမိုးယံ အစစ်။ ဒီအကြည့်တွေ၊ ဒီမျက်လုံးတွေ သူ ကောင်းကောင်းမှတ်မိတာပေါ့။

ဟင့်အင်း။

မှတ်မိတာ မဟုတ်။

ဘယ်တုန်းကမှ မေ့မရခဲ့တာ။

ကွင်းထဲမှ ဘောလုံးပွဲရှိရာသို့ မိမိ၏အကြည့်နှင့်အသိကို အတင်းတွန်းပို့ပေမယ့် မအောင်မြင်။ ပြေးလွှားနေသော ဘောလုံးသမားများ၏ ခြေထောက်များကြားမှ အဖြူနှင့်အနက်ရောင် ဘောလုံးလေးလို သူ့နှလုံးသားများက ဂနာမငြိမ် ဟိုဟိုသည်သည် ပြေးလွှားနေသည်လေ။ ဒီမိုးယံ သူ့ နောက်နားမှာ ရှိနေသည်ဆိုသည့် အသိလေးတစ်ခုကပင် သူ့ရဲ့ တည်ငြိမ်ဟန်ဆောင်နိုင်ခြင်းများအားလုံးကို ရစရာမရှိအောင် ဖျက်ဆီးပစ်နိုင်သည်။

"ဆေး ၂ မှာ တောသားတွေပဲ ရှိတာကွ။"

မလှမ်းမကမ်းမှ ထွက်လာသော ရန်စသံကို ရှိုင်းထွဋ် ကြားလိုက်ရသည်။ ဆေး ၁ မှ ကျောင်းသားများတော့ မဖြစ်နိုင်။ ဆရာများကိုယ်တိုင် ကျောင်းနှစ်ကျောင်းကို နေရာခွဲကာ သီးသန့်ထိုင်ခိုင်းထားခြင်းဖြစ်သည်။ ပွဲစကတည်းက ကောင်းမွန်စွာ အားပေးခြင်းထက် ရင့်သီးရန်စသော စကားများဖြင့် ပြဿနာမဖြစ် ဖြစ်အောင် လုပ်နေဟန်တူသော ထိုအုပ်စုသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပိုဆိုးလာသည်။ အသက်အရွယ်ကလည်း ကျောင်းသားများမဖြစ်နိုင်။ လူလတ်ပိုင်းများဖြစ်ကာ သေချာပေါက် အပြင်လူများသာဖြစ်လိမ့်မည်။

ဆူးWhere stories live. Discover now