ဒါကတော့ နေလင်းအောင် ဖြစ်သည်။ ပိုက်ဆံအကြောင်းမှလွဲလျှင် သူ့မှာ ပြောစရာမရှိ။ ဘယ်နေရာပဲဖြစ်ဖြစ် ၀င်ငွေ၊ ထွက်ငွေကိုသာ ဦးစားပေးစဉ်းစားတတ်သည်မှာ ရှိုင်းထွဋ်ပင် ဆရာခေါ်ရသည်။ ကန်တင်းထိုင်လျှင်လည်း တပြား၊ နှစ်ပြားခွာကာ ကတ်သတ်သည်။ ဒါပေမယ့် ဘယ်သူမှ စိတ်မဆိုးကြ။ သူတို့အုပ်စုမှာ ပိုက်ဆံရှိ ကျိကျိတက်ချမ်းသာသော သား၊ သမီးများမပါသောကြောင့် ကိုယ်စား ကိုယ်ရှင်း စနစ်သာ ကျင့်သုံးကြသည်။ ငါးဆယ်၊ တစ်ရာ ကအစ အကြွေးမှတ်ကာ ကတ်သတ်ကြသည်။ ဒီထဲတွင်မှ နေလင်းအောင်က အဆိုးဆုံး။

"ဟိုမှာလေ။ နေရာလွတ်တွေရှိတယ်။"

"ဟုတ်တယ်။ ရှိုင်းထွဋ်တွေ့လား။ တို့ချစ်က မျက်စိလျင်တာကွာ။"

"အို။ ကိုကိုလည်း။"

"တော်လို့တော်တယ်ပြောတာ ချစ်ရာ။"

"ဒါပေါ့။ ကိုကို့အသည်းပဲဟာ။ ခိခိ။"

ဒါကတော့ သူတို့အုပ်စုထဲတွင် စုံတွဲဖြစ်သည့် ချောစုနှင့် သက်အောင်ဖြစ်သည်။ နှစ်ယောက်စလုံးကို ရှိုင်းထွဋ် ဖနောင့်နှင့် ဆောင့်ကန်ချင်စိတ် မကြာမကြာဖြစ်ရလောက်အောင် အဖြစ်သည်းကြသည့် နှစ်ယောက်လည်းဖြစ်သည်။ လူရှေ့သူရှေ့မရှောင် နားကြားပြင်းကတ်လောက်အောင် ချစ်ပြ၊နွဲ့ပြသည်မှာ စိတ်ကုန်ဖို့ကောင်းသည်။ first year ကတည်းက ပေါင်းလာသည့် သူငယ်ချင်းများဖြစ်၍သာ အခုအချိန်ထိ သူ သည်းခံနေခြင်းဖြစ်သည်။

သူတို့အုပ်စုထဲဝင် နောက်ဆုံးတစ်ယောက်ကတော့ အေးလွန်းသဖြင့် စကားတစ်ခွန်းမှ ၀င်မပြောတတ်သည့် သန္တာဖြစ်သည်။ သူမက စကားသာဝင်မပြောပေမယ့် ဆေးရုံမှာ လူနာစမ်းသပ်ရာတွေရော၊ ကျောင်းစာတွင်ပါ တော်သည်။ ဘာပဲမေးမေး အဖြေက အမြဲအဆင်သင့်ဖြစ်နေတတ်သည်။ သူတို့အားလုံး အားကိုးရသူတစ်ယောက်ဆိုလျှင်မမှား။

ချောစု ညွှန်ပြရာနေရာကို ရောက်ရန်အတွက် ထိုင်နေသူ တော်တော်များများရှေ့မှ ဖြတ်လျှောက်သွားရသည်။ ဘောလုံးကန်မည့်သူများပင် ကွင်းထဲရောက်နေပြီဖြစ်၍ ဆူညံအော်ဟစ်အားပေးသံများ ဟိန်းထွက်နေသည်။ ရှိုင်းထွဋ် သက်ပြင်းချကာ လူပင်လယ်ကို ဖြတ်ကျော်ဖို့ ကြိုးစားရသည်။

ဆူးWhere stories live. Discover now