Part 27

19K 2.5K 315
                                    

အိပ်ချင်ယောင်ဆောင်သူကို နှိုးရခက်သည်တဲ့။

ဒါဆိုလျှင် ရူးချင်ယောင်ဆောင်နေသူကိုရော...

ဒီမိုးယံသည် ရှိုင်းထွဋ်အတွက်တော့ အိပ်ချင်ယောင်ဆောင်နေသူမဟုတ်။ ရူးချင်ယောင်ဆောင်နေသည့် ကောင်လေးတစ်ယောက်ဖြစ်နေသည်။ စိတ်မသက်သာစွာဖြင့် စက်ဘီးကိုတွန်းထုတ်ကာ လမ်းကျဉ်းလေးအတိုင်း နင်းလာခဲ့သည်။

"ကိုကြီးလား။ မမ ဆီသွားမယ်ဆိုပြီး ထွက်သွားတာ ကြာပြီ ကိုထွဋ်။"

သိပ်မကြာသောအချိန်အတွင်းကမှ မိငယ်ပြောလိုက်သည့် စကားသံသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။

မမ..

ဒီနာမည်သည် သူ့အတွက် တဖြည်းဖြည်းနှင့် ကျိန်စာတစ်ခုနှင့် တူလာနေသည်။ အစပိုင်းတုန်းကတော့ ရပ်ကွက်အတွင်းမှာ မမသည် ချောမောလှပလွန်းသည်ဆိုသည့် သတင်းမွှေးခဲ့သည်။ တကယ်တမ်းမျက်နှာချင်းဆိုင်ဆုံရတော့ မမလှသည်မှာ သူကြားဖူးတာထက်ပင် ပိုလွန်ကြောင်းကို နားလည်ခဲ့သည်။ ဒီမှာပဲ ဇာတ်လမ်းဆုံးသွားလျှင် ဘယ်လောက်ကောင်းလိမ့်မည်နည်းဟု ရှိုင်းထွဋ် တွေးမိသည့်အကြိမ်ပေါင်းမနည်းတော့။

အခုတော့ ဒီမိုးယံနှင့်မမ၏ ပတ်သက်မှုများကို သူ အသိအမှတ်မပြုချင်လို့မရတော့ပါ။

"အဲဒီ့ကောင် တစ်ချိန်လုံး မမအိမ်မှာပဲ"

ဆိုတဲ့ ဖေဖေ့စကားသံ...

"ဒီကောင် မမကို ချူစားနေတယ်"

ဆိုသည့် ရပ်ကွက်အတွင်းမှ မလိုသူများရဲ့ အတင်းအဖျင်းသံတွေ...

သူ ကြားခဲ့ရသည်မှာ ကြာခဲ့ပြီ။ ကြားဖြစ်ခဲ့သည်မှာလည်း များလှပြီ။ ရင်ဆိုင်မေးကြည့်ဖို့ အခါခါစဉ်းစားမိပေမယ့် သူနှင့် ဒီမိုးယံကြားမှ သံယောဇဉ်ဆိုသည့် ကြိုးမျှင်မျှင်လေးကို ပြတ်တောက်သွားအောင် လုပ်ဆောင်နိုင်မည့် ဓါးသွားတစ်ခု ဖြစ်သွားမှာကို သူကြောက်နေခဲ့သည်။

သူနှင့်ဒီမိုးယံက ဘာတွေလဲ။

သူငယ်ချင်းဆိုသည့် အသုံးအနှုန်းသည် သူတို့နှစ်ယောက်အတွက်တော့ မဖြစ်နိုင်။ ဘယ်သူငယ်ချင်းကမှ ကိုယ့်သူငယ်ချင်းရဲ့ ကျောပြင်ကို ခိုးမနမ်းဖူးပါ။ သူ့အတွက် ဒီမိုးယံက သူငယ်ချင်းဆိုတာထက် အများကြီးပိုသည်။ ဒီသံယောဇဉ်တွေကို သူ ဆေးကျောင်းစတက်ချိန်မှာတော့ ပိုပြီး သေချာသွားခဲ့သည်။ ကျောင်းတက်နေရပေမယ့် သူ နည်းနည်းမှ မပျော်။ အထက်တန်းကျောင်းတစ်လျှောက်လုံး သူ့ဘေးနားမှာရှိနေခဲ့သော ဆံပင်စုတ်ဖွားနှင့် မျက်နှာမာကျောသည့် ထိုကောင်လေးကို ဘယ်လိုရင်ဖွင့်ရမှန်း မသိအောင် သူ လွမ်းသည်။

ဆူးWhere stories live. Discover now