"ဇီးကွက်မလေး။ အခု လူသူ အိပ်ချိန်ရောက်တော့ မအိပ်တော့ဘူး။"

ကလေးနားတွင် ရှိုင်းထွဋ် ၀မ်းလျားမှောက်အိပ်ကာ လက်ချောင်းပိစိလေးများကို ထိကိုင်ရန်ကြိုးစားတော့ နွေသဇင်လေးက ဖျတ်ခနဲ ဖမ်းဆုပ်သည်။

အားသန်လွန်းသည်။

သုံးလကျော်အရွယ် ကလေးငယ်တစ်ယောက်၏ လက်သီးဆုပ်လေးသည် ဒီလောက် အားရှိလိမ့်မည်ဟု သူ မသိထားခဲ့။ ကလေးငယ် လက်သီးဆုပ်ငယ်ထဲက သူ့လက်ညှိုးကို ပြန်ထုတ်ယူရန် ကြိုးစားရင်း နှစ်ခြိုက်စွာ ရယ်မိသည်။ နွေသဇင်လေးက ပြန်မလွှတ်ဘဲ တင်းကြပ်စွာ ဆုပ်ထားသည်လေ။ မိငယ်ကပါ ရယ်ရင်း ဆံပင်ပါးလှပ်လှပ်လေးသာရှိသော ကလေးငယ်၏ ဦးခေါင်းလေးကို ငြင်သာစွာ သပ်လိုက်သည်။

"ဒီကလေးလေးကလေ ကိုထွဋ်ကိုတွေ့တာနဲ့ ပြုံးနေတာပဲ။"

"ဒါပေါ့။ သိတယ်မဟုတ်လား။ ငထွဋ်ပဲဟာ။ ဇီးကွက်လေး။ ရှူးပေါက်မယ်ဆို ကြိုပြော။ ကြားလား။"

သူ မိငယ်ကိုဖြေရင်း လက်သီးဆုပ်ထဲမှ သူ့လက်ညှိုးကိုလှုပ်ခါရင်း နွေသဇင်ကိုပါ ပြောသည်။ သူ ပြောတာ နားလည်လားတော့မသိ။ ခြေကိုကန်လိုက်၊ လက်ကို ချလိုက်နှင့် အငြိမ်မနေ။

"ခြင်ထောင်ထောင်တော့ မိငယ်။"

"သူမှ မအိပ်သေးတာ။"

"ဟာ။ ဒီကလေး အိပ်တာစောင့်နေရင် နင် အိပ်ရေးပျက်တာပဲ အဖတ်တင်မှာပေါ့။"

"ကိုထွဋ်ရော။ အိမ်ပြန်ဦးမှာလား။"

"ဟင့်အင်း။"

သူ့အိမ်မှာ ရှိုင်းထွဋ် ပြန်မအိပ်ဖြစ်တာကြာပြီ။ ဒီမိုးယံတစ်ယောက် သူ့ကို လိုအပ်မည်လားဟူသော အတွေးတစ်ချို့နှင့် ညတိုင်းလိုလို ဒီအိမ်မှာပဲ အိပ်ဖြစ်သည်။ ဒါပေမယ့် အခုနောက်ပိုင်း ဒီမေးခွန်းရဲ့အဖြေသည် မသေချာတော့။ ညတိုင်းလည်း ဟက်ဟက်ပက်ပက် စကားမပြောဘဲ ကျောခိုင်းအိပ်သွားတတ်သည့် ဒီမိုးယံသည် သူ့ကို လိုအပ်တော့သည့်ပုံမရှိ။ တစ်ခါတစ်ရံ မင်းအိမ်မင်းပြန်ဟုပင် မောင်းထုတ်တတ်သေးသည်။

"နင်အိပ်တော့ မိငယ်။ ကလေးအိပ်မှ ငါ သွားမယ်။"

မိငယ် သူ့စကားနားထောင်ကာ ခြင်ထောင်ထောင်နေသည်။ သူကတော့ ခြင်ထောင်အပြင်ဖက်မှာပင် ကလေးနှင့်ဆော့ရင်း စောင့်ဖြစ်သည်။ တကယ်တော့ သူ တွေးချင်ရာတွေးနေမိတာပါ။ ဖြစ်ခဲ့သည့်အဖြစ်တွေ။ ကြုံခဲ့သည့်အတိတ်တွေ။ ရင်ဆိုင်ရမည့်အနာဂတ်တွေ။ ကြမ်းပြင်ပေါ်မှာ ၀မ်းလျားမှောက်ကာ လက်နှစ်ဖက်ကို မေးအောက်ဖိရင်း အတွေးတွေများဖြစ်သည်။

ဆူးWhere stories live. Discover now