"ထားလိုက်ပါ သားရယ်။ ကျောင်းစိမ်းအကျီင်္ကို မီးစတွေ စင်ကုန်မယ်။စာသွားကျက်ပါ။ စာမေးပွဲတွေက နီးလာပြီ။"

ဒီမိုးယံလက်ထဲမှ ယပ်တောင်ကို ဆွဲဖယ်ရင်း ဒေါ်မြလေး နေရာဝင်လုရသည်။ မနက်တိုင်း ဆိုင်ကူဖွင့်၊ ဈေးပြေးနှင့် အမြဲကူလုပ်ပေးနေသောကြောင့် စာကျက်ချိန်လျော့မှာစိုးသည်။ ဒါပေမယ့် သူမမှာလည်း ကိုယ်ဝန်က တဖြည်းဖြည်းရင့်လာပြီဖြစ်ကာ ဒီမိုးယံ၏ အကူအညီက ပိုလိုအပ်နေသည်။ တော်သေးသည်။ ညနေစောင်းတိုင်း စာအတူကျက်မည်ဆိုကာ ဒီမိုးယံကို ရှိုင်းထွဋ်ခေါ်သွားတတ်သည်။ တစ်ခါတစ်လေလည်း စာအုပ်တွေအပုံလိုက်ယူလာကာ သူမတို့အိမ်သို့ ရှိုင်းထွဋ် ရောက်လာတတ်သည်။ ဒါပေမယ့် စာကျက်တာနည်းနည်း နှစ်ယောက်ပေါင်းပြီး ရန်ဖြစ်နေတာကများသည်။ တစ်ခွန်းမကျန် ပြန်ပြောချင်သည့် တပည့်နှင့် လက်မပါရလျှင် မနေနိုင်သော ဆရာပေါင်းကာ ညနေတိုင်း ၀ုန်းဒိုင်းကြဲနေတတ်သည်။

"ဆိုင်မှာ လူစောင့်ချင်ရင်လည်း ၀ယ်သူမလာခင် စာကြည့်နေလို့ ရတာပဲ ဒီဒီရယ်။"

"နေပါ မေမေရာ။ တစ်ညတစ်ည ထွဋ်ထွဋ် ခေါင်းမွှေးနှုတ်နေတာနဲ့ပဲ သား ခေါင်းပြောင်တော့မယ်။ မနက်ပိုင်းမှာတော့ ဘာစာမှ မကျက်ပါရစေနဲ့ဗျာ။"

ဒီမိုးယံက ပလတ်စတစ် ခုံရှည်မှာ ခြေကားယားနှင့်ဝင်ထိုင်ရင်း ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့လိုက်သည်။ ပူလွန်းသောကြောင့် အငွေ့ငယ်များ လှိုက်ခနဲထွက်လာသည်ကို နှုတ်ခမ်းနားတေ့ရင်း တဖူးဖူးမှုတ်သည်။

"ဒါလား ခေါင်းပြောင်မှာ။ ဒီဆံပင် ဘုတ်သိုက်ကို သွားညှပ်ပါဆိုတာကို စကားကိုနားမထောင်ဘူး။"

သားဖြစ်သူ ခေါင်းမှ သန်မာလွန်းသည့် ဆံပင်များကို တစ်ချက်သပ်တင်ရင်း ဒေါ်မြလေး ပြုံးရသည်။ စူပုပ်နေလျှင် ကြောက်စရာကောင်းသလောက် ပြုံးလိုက်လျှင် သွားတက်လေးပေါ်လာကာ ချစ်ဖို့ကောင်းလွန်းလှသည့် သူမ၏ သားကြီးအတွက် သူမ ဂုဏ်ယူသည်။ ပတ်ဝန်းကျင်က ဒီမိုးယံဆိုးကြောင်း၊ မကောင်းကြောင်း ဘယ်လောက်ပင် လာပြောပြော သူမ မမှု။ ဆူစရာရှိဆူပြီး မေ့သွားတာပဲဖြစ်သည်။ သူမရှေ့မှာ လမ်းလျှောက်တက်စက မော့ကြည့်ပြုံးပြသည့် သွားတက်နှင့် ကလေးပေါက်စလေးသည် အခု သူမထက် ခေါင်းတစ်လုံးကျော်အောင် ပိုမြင့်နေပြီး လူကြီးဖြစ်နေသော်လည်း အတူတူပင်။

ဆူးWhere stories live. Discover now