"မီးပျက်ပြန်ပြီလား မေမေ။"

"ဟုတ်တယ်။ ဈေးထဲက မီးသွေး ငါးဆယ်သားလောက်ပါ ၀ယ်ခဲ့ သား။"

"မုန့်ဖတ်ကရော တစ်ပိဿာပဲလား။"

ဟင်းရည်အိုးကို ယောက်မနှင့်မွှေရင်း ဒေါ်မြလေး ခေါင်းညိတ်ဖြေသည်။ တစ်ချိန်တည်းမှာပင် နံနံပင်ကို အရွက်ပုံမပျက်အောင် ခြွေနေသည်။ မီးဖိုဘေးရှိ မိခင်ဘေးနားမှဖြတ်လျှောက်ကာ နောက်ဖေးလှေကားထစ်သုံးထစ်ကို ဆင်းပြီးသည်နှင့် ရေစည်ပိုင်းရှိရာသို့ ဒီမိုးယံ  ရောက်လာခဲ့သည်။

ညကလည်း မိုးသည်းခဲ့သည်ထင်သည်။ စိုထိုင်းနေသည့် မြေပြင်ထက်တွင် မိုးရေ၀ပ်ကာ ရွှံ့ရေအိုင်တစ်ချို့ ထင်ကျန်နေခဲ့သည်။ ခြံစည်းရိုးမှာ တွယ်ပေါက်နေသော ကင်ပွန်းရွက်များတွင်လည်း မိုးရေစက်များ ကျန်နေသေးသည်။ ဆံပင်လိပ်ခွေများလို ကွေးနေသော ကင်းမွန်နွယ်တို့မှာ ခြံစည်းရိုးတစ်လျှောက် ကျူးကျော်နေရာချဲ့ရန် ရှေ့ဆက်လှမ်းဖို့ အားယူနေပြီဖြစ်သည်။

အေးစက်နေသော ရေတစ်ခွက်နှင့် မျက်နှာသစ်၊ သွားတိုက်ပြီး ကျန်ရေအေးကို ခြေထောက်ပေါ်လောင်းဆေးလိုက်သည်။ လန်းဆန်းသွားသည်မဟုတ်သော်လည်း မျက်လုံးပွင့်ကာ ကောင်းကောင်းနိုးသွားသည်။ မနိုးလို့လည်းမဖြစ်။ ဈေးမသွားခင် သူ့မှာ လုပ်စရာတွေအများကြီးရှိသေးသည်။

ဆိုင်ဖွင့်နိုင်ရန် သစ်သားစားပွဲရှည်နှင့် ထိုင်ခုံပုများကို ခြံရှေ့သို့ထုတ်ပြီး ပြင်ဆင်ပေးရသည်။ အမိုးအကာအတွက် ခေါက်လိပ်ထားသော တာလပတ်အကာကိုလည်း နေရာကျအောင် ချည်နှောင်ရသေးသည်။ ပလတ်စတစ်စားပွဲခင်းကို သစ်သားစားပွဲရှည်ပေါ် ခင်းပြီးမှ ပန်းကန်လုံး၊ ရေနွေးခွက်များကို စီစီရီရီ တင်ပေးရသေးသည်။ ဒါတွေအားလုံး လုပ်ပြီးသည့်အချိန်မှာတော့ နှင်းဟေမာန်ရောက်လာကာ မီးသွေးမီးဖိုငယ်ကို မီးမွှေးနေပြီဖြစ်သည်။ မီးဖိုခန်းမှ မိခင်ဖြစ်သူ၏ ဟင်းရည်အိုးကျက်သည်နှင့် ယခုမီးဖိုသို့ ပြောင်းရွှေ့ထားရမည်ဖြစ်သည်။

သူတို့အိမ်မှ ဆယ့်ငါးမိနစ်လောက်လမ်းလျှောက်လျှင် ရောက်သော ဈေးငယ်လေးသို့ သူ ရောက်တော့ ဆိုင်အားလုံးပင် မဖွင့်ကြသေးပါ။ ဟိုတစ်ဆိုင်၊ ဒီတစ်ဆိုင်သာ ဖွင့်ရန် ပြင်ဆင်နေဆဲဖြစ်သည်။ လမ်းဘေးတစ်နေရာစာရရန် စောစောစီးစီးရောက်လာကြသော ခေါင်းရွတ်​ဗျပ်ထိုးဈေးသည်များကိုတော့ ဟိုစုစု ဒီစုစု တွေ့နေရပြီဖြစ်သည်။

ဆူးWhere stories live. Discover now