ရှိုင်းသည် မီးခိုးရောင်ဆွယ်တာအပွလေးနှင့် တကယ့်ကို လူငယ်ကျောင်းသားလေးတစ်ယောက်အသွင်။ ငွေရောင်ဆံပင်လေးတွေကို Hoodie လေးနှင့် လုံအောင်ဖုံးထားတတ်သည်ကတော့ အရင်တုန်းကအတိုင်းပင်။ နီယွန်မီးများချိတ်ဆွဲထားသော လမ်းဘေး Platform တစ်နေရာတွင် မြေပြင်ပေါ်ကို ခြေဆင်းထိုင်ချကာ မျက်စိရှေ့က နီယွန်မီးများအပြည့်ထွန်းထားသည့် Pheonix ငှက်ပုံကြီးကို ကြည့်ကာ စိတ်ဝင်တစားဖြင့် ပန်းချီဆွဲလျက်ရှိလေသည်။ ရှိုင်းရဲ့ဘေးတစ်ဖက်တစ်ချက်တွင်တော့ အမွှာဖြစ်ဟန်တူသော ရုပ်ချင်းဆင်တူသည့် မောင်နှမနှစ်ယောက်က ပုံဆွဲနေသော ရှိုင်းရဲ့စာအုပ်ရှိိရာဘက်ကို ခေါင်းချင်းဆိုင်မတတ်ကြည့်နေကြာကာ ရှိုင်းကို စကားဝိုင်းပြောနေကြလေသည်။

ရှိုင်းက တစ်ချက်တစ်ချက် ပါးချိုင့်လေးတွေ ပေါ်အောင်နှစ်နှစ်ခြိုက်ခြိုက်ရယ်ကာ သူငယ်ချင်းတွေကို စကားပြောနေတာကိုတွေ့ရလေသည်။ အရမ်းကိုလှလေသည်။ မီးလျှံအိမ်တွင် နေခဲ့စဉ်က အပြုံးမျိုး။ ဖြူစင်သော အပူအပင်ကင်းသော လူငယ်လေးတစ်ယောက်ရဲ့ပုံစံမျိုးကို ပြန်တွေ့နေရလေပြီ။

ထိုအပြုံးလေးတွေ အရင်က မီးလျှံအတွက် အများကြီး သူပေးခဲ့သော်ငြား တန်ဖိုးထားရကောင်းမှန်းမသိခဲ့မိပေ။ ထိုအပြုံးလေးတွေ ပျောက်ကွယ်သွားအောင် လုပ်ခဲ့မိသည့် အခြေအနေတွေကိုပင် ဖန်တီးခဲ့မိသေးသည်။

အခုတော့ ရှိုင်းက မီးလျှံရဲ့ အဝေးမှာ လွတ်လွတ်လပ်လပ် နှစ်နှစ်ခြိုက်ခြိုက်ကြီးကို ပြုံးပျော်နေပါသည်။

''ကျေနပ်ပါတယ် ချာတိတ်ရေ...၊ မင်းပျော်နေသရွေ့ မင်းအန္တရာယ်ကင်းနေသရွေ့ မင်းကို ငါခွင့်လွှတ်နေနိုင်ပါသေးတယ်..''

မီးလျှံ ရှိုင်းကို တရှိုက်မက်မက်ကြည့်နေလိုက်ရင်း စိတ်ထဲက ပြောနေမိသည်။ အခုအချိန်တွင် ရှိုင်းသည် မီးလျှံဆိုသည့်လူတစ်ယောက်ရဲ့တည်ရှိမှုကိုပင် သိမှာ မဟုတ်။

ထိုအတွေးနှင့် တစ်ဆက်တည်းပင် မကြာသေးမီက အဖြစ်အပျက်တွေကို မီးလျှံ ပြန်မြင်ယောင်လာမိသည်။ ကြယ်ကလေးရဲ့နှလုံးသား လောင်ကျွမ်းသွားသည့်နေ့။ ကြယ်ကလေးရဲ့ဘဝ အသစ်ပြန်စသည့်နေ့။

Star Love (I)Where stories live. Discover now