မီးလျှံ နိုးနေတာကို မြင်သွားတော့မှ လက်ကလေးတစ်ဖက်က မျက်နှာကိုလာကိုင်ပြီးမေးသည်။

"ခင်ဗျားအဆင်ပြေသွားပြီလား.. ဗိုက်ဆာသေးလား"

မီးလျှံခေါင်းခါပြလိုက်တော့မှ ရှိုင်းက သက်ပြင်းတစ်ချက်ချလိိုက်ပြီး အိပ်ရေးမဝသေးဟန် တစ်ချက်သမ်းဝေလိုက်ပြီး ဘာလိုလိုညာလိိုလိုနှင့် လက်မောင်းကို လာပြန်မှီလိုက်ကာ အိပ်နေပြန်လေသည်။

မီးလျှံက မသိမသာ တစ်ချက်ရယ်လိုက်ပြီးတော့မှ မှီထားသော လက်မောင်းကို လှုပ်လိုက်ပြီး ပြန်နိုးရလေသည်။

"ထတော့လေ.. ဒါဇိမ်ခံပြီး အိပ်လို့ရတဲ့နေရာ မဟုတ်ဘူး.. ပြီးတော့ မင်းမှီအိပ်နေရအောင် ငါလက်မောင်းက ခေါင်းအုံးမဟုတ်ဘူး.."

ခပ်ဆတ်ဆတ်ပြောလိုက်သော မီးလျှံရဲ့ အသံကြောင့် ရှိုင်း နှာခေါင်းကိုရှုံ့လိုက်မိသည်။ လက်မောင်းလေး မှီအိပ်မိတာ အသားပဲ့ပါသွားတာကျနေတာဘဲ။ သူကျတော့ တစ်ညလုံးလက်ကိုကိုင်ထားပြီးတော့ ရှိုင်းကြတော့သူ့ကို နည်းနည်းလေးမှအသားယူခွင့်တောင်မရ။

"ထလေ..."

မီးလျှံနောက်တစ်ခေါက်ထပ်ပြောလိုက်တော့မှ ရှိုင်းက ခေါင်းထောင်လိုက်ကာ ဆုပ်ကိုင်ထားသော မီးလျှံလက်များမှရုန်းထွက်လိုက်ပြီး မျက်လုံးလေးတွေကို လက်နှင့်ပွတ်နေသည်။

"ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီနေရာကြီးမှာ ကိုယ့်ဘာသာကိုယ်သံကြိုးတွေနဲ့ချည်ထားရတာလဲ.. ပြီးတော့ ခင်ဗျား အကြာကြီးပျောက်ပျောက်သွားတာ ဒီမှာ ဘာတွေများလုပ်နေလို့လဲ"

ရှိုင်းရဲ့ အမေးကို မီးလျှံက အကြည့်လွှဲလိုက်ကာ ဖြေသည်။

"မင်းသိစရာ မလိုဘူး.. မင်းနဲ့မဆိုင်ဘူးချာတိတ်.."

ပြောပြောဆိုဆိုနှင့် မီးလျှံက ထိုင်နေရာမှထပြီး သူ့လက်တွင်ချည်နှောင်ထားသော သံကြိုးတွေကို ဖြုတ်နေသည်။ ရှိုင်းစိတ်တိုသွားသည်။

"ကျွန်တော်နဲ့ မဆိုင်ဘူးဆိုတာ ကျွန်တော်သိတယ်.. ဒါပေမယ့် ကျွန်တော်သိခွင့်လေးတော့ရှိတယ်လို့ထင်တယ်.. ကျွန်တော်က ခင်ဗျားအိမ်မှာနေနေရတာပါ... ကျွန်တော် ဘာမှမသိဘူးဆိုရင် မနေ့ကလိုခင်ဗျားတစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်ကူညီနိုင်မှာလည်း.."

Star Love (I)Unde poveștirile trăiesc. Descoperă acum