'ချုံချင့်'မြို့၏ ညနေခင်းဟာ အမြဲလိုလို လူသံ၊ ကားဟွန်းသံတွေနဲ့ ဆူညံနေတတ်သယောင်။ တောင်ကုန်းပေါ်တက်လိုက်၊ လမ်းကျဉ်းလေးထဲ ဆင်းလိုက်နှင့် အဆောက်အအုံတွေက တစ်လုံးနှင့်တစ်လုံး ကပ်လျက်ရှိနေသည်။ ငါးထပ်၊ ခြောက်ထပ်တိုက်ဟောင်းတွေကြားက လမ်းကျဉ်းလေးတွေမှာတော့ စားသောက်ဆိုင်ငယ်တွေရဲ့အနံ့၊ ဆီပူပူနဲ့ မီးခိုးနံ့တွေ ရောထွေးလျက်။
အောက်ခြေလူတန်းစားတွေ စုဝေးနေထိုင်ကြတဲ့ ရပ်ကွက်တစ်ခုထဲမှာတော့ လူသွားလူလာတွေက မနည်း။ တစ်ဖက်မှာ အဝတ်အစားတွေ လှန်းထားကြပြီး တစ်ဖက်မှာ ကလေးတွေ ဆူညံဆော့ကစားနေကြသည်။အပေါ်ထပ်တစ်နေရာက တီဗီသံ၊အောက်လမ်းက ဆိုင်ရှင်တွေရဲ့ အော်ဟစ်ခေါ်သံနှင့် မော်တော်ဆိုင်ကယ်သံတွေကသာ ကြီးစိုးလျက်။
လမ်းကြားလေးထဲ တည့်တည့်လျှောက်လှမ်းလာသော ကောင်လေးက ဂျင်းဘောင်ဘီနှင့်ရှပ်အင်္ကျီကိုသာ ခပ်ရိုးရိုးတွဲဝတ်ထားသည်။ လမ်းဘေးတစ်နေရာဆိုင်မှာ ထိုင်နေကြသည့်ကောင်လေးအချို့က ထိုကောင်လေးအား ရစ်သဲ့သဲ့လှမ်းလုပ်ကြပေမယ့် သူသည်ကား ဂရုမပြု။
ငါးထပ်တိုက်၏ ရှေ့တွင်တော့ ကြည့်ပျော်ရှုပျော်ဟန်ရသည့် ကောင်လေးတစ်ယောက်က ခြေလှမ်းရပ်လိုက်သည်။ သူ့လက်ထဲတွင် အထုတ်အပိုးတွေ မနည်းမနော။ သူ့အတွက်တော့ ဒီနေ့က နေစရာအသစ်တစ်ခု စတင်ရမည့်နေ့။
တတိယထပ်သို့ လှေကားထစ်တွေကနေ တက်လာသည့်တိုင်၊ ထိုတိုက်၏ နေထိုင်သူများက အကျင့်စရိုက်ပေါင်းစုံနှင့် အရောရောအနှောနှော။ ကလေးအချို့က အော်ငိုနေကြပြီး၊ အချို့က ရန်ဖြစ်စကားများဟန်။ ပြည့်တန်စာမိန်းကလေးကလည်း ပေါ်ပေါ်ထင်ထင်ပဲ ဆေးလိပ်ထွက်သောက်နေသည်။ အချို့ကတော့ အခန်းငှားအသစ်ဖြစ်သည့်သူ့ကို ကဲ့ရဲ့ချင်သောဟန်ဖြင့် အသံတိတ်စူးစမ်းကြ၏။
"အင့်...''
ဒုတိယထပ်၏ နေရာမှာ အပေါ်ထပ်က ဆင်းလာသည့် အမျိုးသားတစ်ဦးနှင့် ဝင်တိုက်မိတော့၊ သူ့လက်ထဲက ပစ္စည်းအချို့က ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားသည့်အခါ၊ ထိုအမျိုးသားက ဖေးမကာ ပစ္စည်းတွေကို ကူကောက်ပေး၏။
