Chapter 0

130 5 0
                                        


"လိန်း...၊ လိန်းသာဆိုရင် ကျွန်တော် 'ဝဋ်လည်နေတာလား' ဆိုတဲ့ မေးခွန်းအတွက် ဘယ်လိုအဖြေမျိုး ပေးမလဲဟင်..."

ဖြိုးချမ်းပို လိန်းကို ကြည့်ပြီး တိုးညှင်းစွာ မေးလိုက်မိသည်။ လိန်းကတော့ ဘာအဖြေမှ ပြန်မပေး။
ထိုတိတ်ဆိတ်မှုကပင် အဖြေတစ်ခုလို ဖြစ်နေသည်မို့ သူ ခြောက်ကပ်ကပ် ပြုံးလိုက်မိ၏။
"လိန်းလည်း ဖြေနိုင်မှာ မဟုတ်ဘူးမလား..."

ညို့မှိုင်းနေသော ကောင်းကင်ကြီးကို မော့ကြည့်ရင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ကောင်းကင်ယံမှ ဖွဖွလေး ဆင်းသက်လာသည့် မိုးဖွဲငယ်တို့က မျက်နှာပြင်ပေါ် လာရောက်ထိတွေ့ချိန်တွင် စိတ်ထဲကနေ တိုးတိုးလေး ရေရွတ်နေမိသည်။
'လိန်းကပဲ ကျွန်တော့်အစား အမေ့ကို ပြောပြပေးနိုင်မလား။ ကျွန်တော်က လိန်းကို ချစ်မိလို့ ဒီလိုအပြစ်ကြွေးတွေ ဆပ်နေရတာဆိုရင်တောင်... ပိုင်လေးကတော့ ဘယ်တော့မှ ကျွန်တော့်ရဲ့ အပြစ်ဒဏ်ဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုလေ...'

"ကိုကို ဒီရောက်နေမယ်ဆိုတာ ကျွန်တော် သိသားပဲ"
လှည့်ကြည့်စရာပင်မလို၊ နှလုံးသားက ရင်းနှီးနေသည့် ထိုအသံပိုင်ရှင်သည် ပိုင်လန်မှတစ်ပါး အခြားသူမဖြစ်နိုင်။

ပိုင်လန်က ကိုကို့ရှေ့ရှိ အုတ်ဂူကို ခပ်ငေးငေးကြည့်ရင်း ခါးသက်သက် အပြုံးတစ်ခုဖြင့် ရေရွတ်လိုက်၏။

"ဒီလိုအချိန်မျိုးဆို မာမားကို တကယ်ပဲ ကျေးဇူးတင်မိတယ်။ ကိုကိုက ကျွန်တော့်ဆီကနေ ဘယ်လောက်ပဲ ဝေးဝေးကို ထွက်ပြေးနေပါစေ... ဒီလိုနှစ်ပတ်လည်နေ့ ရောက်တိုင်းတော့ မာမားရဲ့ အုတ်ဂူရှေ့မှာ အမြဲရှိနေတတ်တာ သေချာလွန်းတာမို့..."

"မဟုတ်ရင်တောင်... ငါ မင်းဆီကနေ ဘယ်လောက်အထိများ ဝေးဝေးပြေးနိုင်မှာမို့လဲ..."
ကိုကိုက တိုးလျစွာ ရေရွတ်လိုက်သည်။
ပိုင်လန်သည် အုတ်ဂူရှေ့တွင် ဒူးထောက်ထိုင်နေသည့် ကိုကို့အနားသို့ တိုးကပ်သွားပြီး လက်ကလေးကို အတင်းဆုပ်ကိုင်မိ၏။
"အတူပြန်ရအောင် ကိုကို... ကျွန်တော့်ဆီကနေ လွတ်မြောက်ဖို့ ဘယ်တော့မှ ထပ်မစဉ်းစားပါနဲ့တော့နော်..."

သူဆုပ်ကိုင်ထားတဲ့ ကိုကို့လက်ဖဝါးပြင်ကပင် အေးစက်လွန်းပြီး အရင်လို နွေးထွေးမနေပင်။ ကိုကိုက သူ့အပေါ် ဘယ်လောက်အထိ စိတ်ကုန်ပြီး မုန်းတီးနေပြီလဲဆိုတာကို ဒီလက်ဖဝါးလေးကတောင် မဖုံးကွယ်ပေးနိုင်တော့မှန်း ပိုင်လန်ခံစားမိနေ၏။
ဒါတောင်မှ... သူ့အရေပြားပေါ်က ကိုကို့လက်လေးရဲ့ အထိအတွေ့တွေ ရှိနေရုံနဲ့တင် ပိုင်လန့်၏ ရင်ဘတ်တစ်ခုလုံး ပျော်ရွှင်မှုတွေနှင့် တုန်ခါနေမိတုန်းပင်။

'ကျွန်တော့်ဘဝကြီးတစ်ခုလုံးကို ကိုကို မရှိရင် အသက်ရှူလို့ မရအောင်ထိ ဖျက်ဆီးပစ်ခဲ့ပြီးပြီဆိုရင်... အနည်းဆုံးတော့ ဒီငရဲထဲမှာ ကိုကိုလည်း ကျွန်တော်နဲ့အတူတူ စိတ်ဆင်းရဲခံပြီး အဆုံးထိ အတူတူရှိပေးရမယ်...'
သူကိုယ်တိုင် ဖျက်ဆီးထားတဲ့ ကိုကို့ရဲ့ ယောင်ကိုင်းနေတဲ့ ခြေချင်းဝတ်ကိုကြည့်ရင်း ပိုင်လန်တွေးမိနေ၏။

'ဟုတ်တယ် အစကတည်းက ကိုကို့အမှားပဲ၊
ကိုကိုကသာ ကျွန်တော့်ဘဝထဲဝင်လာပြီး ရစရာမရှိအောင်မွှေနှောက်သွားခဲ့တာ...'

Tears Of Heaven ( BL OC )Stories to obsess over. Discover now