🍀 အပိုင်း ၂ 🍀

38 1 0
                                        

*** မချစ်ရက်သူထံသို့ ***
🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️
အပိုင်း (၂)
🏵️🏵️🏵️
(က)
🌸မောင်နဲ့ကျွန်မ .. ဆုံတွေ့ခြင်းအစ (အပိုဒ် ၁)🌸
ဒီနေ့မှာတော့ဖြင့်ပေါ့လေ .. ။
လမ်းလျှောက်ထွက်ဖို့အတွက် ကျွန်မမှ ခြေလှမ်းပြင်ရုံရှိသေး ဒေါ်ဘေဘီတို့က ကျွန်မ ပွေ့ချီလာမယ့် အချိန်ကလေးကိုတောင် မစောင့်နိုင်ဘဲ အရင်ဆုံး ခြံပြင်ကို ပြေးထွက်တော့တာမို့ ကျွန်မမှာ လန့်ခဲ့ရသေးတာအဖြစ်ပါ။
" ဘေဘီ .. နေဦးလေ .. ဘယ်လိုဖြစ်လို့ အတင်းပြေးထွက်နေရတာလဲ .. မမကို စောင့်ပါဦး " လို့ လှမ်းပြောရင်းက အိမ်တံခါးရယ် ခြံတံခါးရယ်ကိုလည်း သေချာပိတ်ရသေးတာပေါ့။
ဘေဘီတို့တော့ ဘာဖြစ်လို့များ ဒီလောက်ထိ မြူးနေတာပါလိမ့်။ ခါတိုင်း လမ်းလျှောက်ထွက်ချိန်တွေမှာလည်း ခပ်မြူးမြူး ဖြစ်နေတတ်တာဆိုပေမယ့်လည်း ဒီနေ့လောက်အထိတော့ မဟုတ်။
ဘေဘီ့ကြောင့် အတွေးတွေက စနိုးစနောင့်ဖြစ်ရကာ ခြံပြင်ရောက်လာပြန်တော့လည်း ဒေါ်ဘေဘီတို့က ဟိုဘက်က ခြံရှေ့လေးမှာ အမြီးတစ်နှံ့နှံ့နဲ့ ရပ်နေတာမြင်လိုက်ရတာကြောင့် မျက်ခုံးတန်းလေးတွေ တွန့်ကုတ်သွားမိရတော့တာ အမှန်ပါ။
" ဘေဘီရေ .. အဲ့ဒါက သူများခြံရှေ့ကို .. ဘာလုပ််နေတာလဲ .. လာခဲ့တော့ သွားကြမယ် .. "
ကျွန်မရဲ့ အသံကြောင့် ဘေဘီက လှည့်တော့ကြည့်လာပါရဲ့။ ပြီးတော့လည်း အဲ့ခြံကိုပဲအသံပေးနေပြန်တာမို့ ကျွန်မမှာ ခုနကထက်ကို တစ်ထူးတစ်ဆန်းဖြစ်မိတော့တာ။
နေပါဦး။ အဲ့ဒီခြံကဖြင့် လူမရှိတာ ကြာနေပြီမဟုတ်ဘူးလား။ လူသစ်တွေများ ပြောင်းလာ တာလား။
ဟင်း။ ဘေဘီ့ကို ကြည့်ရပုံအရတော့ အဲ့ဒီခြံကို သံယောဇဉ်မကင်းပုံဆိုလေတော့ သူ့လိုအမျိုးအစားထဲက ခွေးထီးလေးတစ်ကောင်များ ပါနေလေတာများလား။ ကျွန်မတောင် မသိသေးတဲ့ အဲ့ဒီခြံကိစ္စကို ဘေဘီက ဘယ်လိုများ သိတော်မူရပြန်တာလဲနော်။
အတွေးနဲ့အတူ စိတ်ကလည်း မကြည်တော့ပြီ။
" ဒေါ်ဘေဘီရေ .. ရှင်က အမဖြစ်နေပြီးတော့ ဘာလုပ်နေတာလဲ အဲ့ဒါက .. ဘာလဲ သူငယ်ချင်းရှာတာလား .. ဒါမှမဟုတ် မိန်းမနောက်ပိုးလုပ်နေတာလား ဟမ် .. အခုလာခဲ့တော့ "
ကျွန်မရဲ့အသံနေအသံထားက ဒေါသမကင်းဟန်လေးပါလာလေတော့ ဘေဘီက နောက်ကို လှည့်ကြည့်လာပြီး ပြန်ပြေးလာကာ ကျွန်မအပေါ်ကို ခုန်တက်လာရင်းက တစ်ခုခုလိုချင်လာရင် ပူဆာတတ်တဲ့ဟန်အတိုင်း ကျွန်မကို ပွတ်သတ်နေတော့တာ။
" ဘေဘီနော် . နင် ဘယ်လိုဖြစ်နေတာလဲ .. နင်ဘာသိထားတာလဲ .. ဒီခြံထဲမှာ ဘာရှိနေလို့လဲ .. နင့်ပုံစံကြည့်ရတာ တစ်ခုခုက ဆွဲဆောင်နေတဲ့ပုံမျိုးနဲ့ .. ဘာလဲ ခွေးထီးလေးတစ်ကောင်များ ရှိနေတာလား ဟမ် .. မမတောင် အဲ့ဘက်မှာ လူသစ်ပြောင်းလာလား မလာလား မသိသေးဘူး .. နင်ကတော့ နင့်အတွက်နင်ကို ရှာထားတယ် ဟုတ်လား .. ဟွန်းနော် .. သိပ်မပြောချင်ဘူး "
သိပ်မပြောချင်လို့သာ စကားတွေကို တောက်လျှောက်မမောတမ်း ပြောချသွားတဲ့ ကျွန်မကို ဘေဘီက မော့ကြည့်လာတာမို့ မျက်စောင်းလေးသာ ပိတ်ထိုးပစ်လိုက်ကာ သူ့ကို သေချာပွေ့ချီလိုက်ရင်းက လမ်းလျှောက်ဖို့ ခြေလှမ်းလိုက်ချိန်မှာပဲ ကျွန်မရဲ့ခြေဖမိုးလေးကို လာထိတွေ့တဲ့ အထိအတွေ့တစ်ခုကြောင့် ဆက်ခနဲလန့်သွားကာ ငုံ့ကြည့်မိတော့တယ်။
ဟင်ခနဲ ကျွန်မမှာ အံ့ဩလို့မှမဆုံးလိုက်သေး။ ဒေါ်ဘေဘီတို့များ ကျွန်မလက်ကနေ ခုန်ဆင်းသွားလိုက်တာ ပြန်ဖမ်းချိန်တောင်မရလိုက်။
ဒီနေ့ညနေကတော့ ကျွန်မရဲ့တစ်ညနေအစီအစဉ်လေး ပျက်စီးတော့မှာပါပဲလို့ စိတ်ညစ်ညူးစွာ တွေးမိတော့တာ။
" ဒေါ်ဘေဘီ .. နင်လုပ်ပုံနဲ့ မမတော့ နောက်ကျနေပြီ . .တကယ်ပဲ မကြိုက်တော့ဘူး .. "
ပြောလည်းပြောရင်းက ဘေဘီ့ကို ကောက်ပွေ့ဖို့ပြင်လိုက်ချိန်မှာပဲ ကျွန်မရဲ့ မျက်လုံးအကြည့်အောက်ကို ကတ္တီပါဖိနပ်အညိုလေးစီးထားပါတဲ့ ဖွေးသန့်လို့နေသော ခြေထောက်တစ်စုံကဝင်လာတာမို့ ဖျက်ခနဲပဲ မော့ကြည့်မိရရော။
အလိုမကျဟန်ပေါက်နေမယ့် ကျွန်မကို သူကတော့ အလွန်ကိုမှ ကြည်စင်လှတဲ့ အပြုံးလေးနဲ့ ပြုံးပြလာပြီးကာမှ ခုနက ကျွန်မတို့အနားကို ရောက်လာတဲ့ ခွေးကလေးကို ရယ်မြူးရိပ်တွေနဲ့ ငုံ့ကြည့်ကာ ..
" ဆန်းန် ကတော့ စံပဲကွာ .. ရောက်တာမှ သိပ်မကြာသေးဘူး .. သူငယ်ချင်းလား ချစ်သူလား .. တန်းရတော့တာပဲ " တဲ့လေ။
သူ့အပြုံးကိုရော သူပြောလိုက်တာကိုပါ သဘောမကျတဲ့ကျွန်မက ခုထိ ကုတ်ချီမိထားဆဲ မျက်ခုံးတန်းလေးတွေအောက်က ညိုလဲ့နေတဲ့ မျက်ဝန်းတွေနဲ့ မှုန်ကုတ်ကုတ်ပဲ ကြည့်လိုက်ပြီး ဘေဘီ့ကိုသာ ဆက်ခနဲကောက်ပွေ့လို့ ချာခနဲ လှည့်ထွက်လာမိတော့တာပါပဲ။
ကျွန်မအတွက်တော့ ဒါက ပထမဆုံးအကြိမ်ဆုံတွေ့ခြင်းလို့ သိခဲ့ပေမယ့် မောင်က မဟုတ်ခဲ့ပါဘူးတဲ့လေ။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
(ခ)
🏵️မောင်နဲ့ကျွန်မ .. ခင်မင်မှုအစ (အပိုဒ် ၂)🏵️

မချစ်ရက်သူထံသို့Where stories live. Discover now