🍀အပိုင်း ၁🍀

178 0 0
                                        

*** မချစ်ရက်သူထံသို့ ***
🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️
အပိုင်း (၁)
🏵️🏵️🏵️🏵️🏵️
(က)
မှတ်မှတ်ရရ ပေါ့လေ..။
မောင်နဲ့ ကျွန်မ စတင်ဆုံဆည်းခဲ့တဲ့ အချိန်လေးက အခုလိုမျိုး ပူပြင်းခြောက်သွေ့လှတဲ့ နွေရာသီမဟုတ်ခဲ့ဘဲ သာယာခြင်း အေးမြခြင်းတွေ နဲ့ အတိပြီးတဲ့နွေဦးညနေခင်းလေးတစ်ခု ဖြစ်နေခဲ့တာပါပဲ။
မောင် .. မှတ်မိနေဦးမလား။
ဟေမာန်ဆောင်းကလေးကုန်လွန်လို့ ဂိမာန်နွေဦးလေးအဖြစ် ကူးပြောင်းကာစ ရော်ရွက်ဝါလေးတွေ တဖြုတ်ဖြုတ်ကြွေနေတဲ့ သိပ်ကိုလှပလွန်းတဲ့ ညနေဆည်းဆာလေးတစ်ခုကိုပေါ့။
အချစ်ဆိုတာ ဂျိုနဲ့လားမေးယူရမယ့်ကျွန်မအတွက် မထင်မှတ်ထားလောက်အောင်ကို သိပ်ချစ်မိသွားစေမယ် ရယ်လို့ ရော်ယမ်းလို့တောင်မှ မမျှော်လင့်ခဲ့မိဘူးတဲ့ လူတစ်ယောက်ကို စတွေ့ခဲ့တာလေ။
မောင်နဲ့ကျွန်မ စတင်ဆုံဆည်းတယ်ဆိုတဲ့ အမှတ်တရပိစိလေးကလွဲလို့ ဘယ်လို အမှတ်တရဖြစ်ရခြင်းမျိုးကိုမှ မကျန်ရှိခဲ့တဲ့ ဆုံတွေ့ခြင်းတစ်ခုအနေနဲ့ပေါ့။
မောင်ရယ်။ မောင် မှတ်မိပါ့မလားမသေချာတဲ့ အဲ့ဒီအတိတ်နေ့ရက်တွေဆီကို ကျွန်မ လွမ်းကြည့်ချင်သေးရဲ့။
အဲ့ဒီနေ့ကပေါ့ .. ဪ အဲ့ဒီနေ့ကပေါ့လေ .. ။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
(ခ)
🏵️အတိတ်ဆီသို့ ပြန်လျှောက်ကြည့်ခြင်း 🏵️
🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️
အဲ့ဒီနေ့က .. ..။
သိပ်ကိုသာယာပြီး လှပနေတဲ့ နွေဦးတစ်ခုရဲ့ ညနေခင်းလေးက နွေလေညင်းလေးတွေ တစ်သုန်သုန်နဲ့ ခပ်ဖြူးဖြူးလေး တိုက်ခက်လို့ပေါ့။
နွေရာသီကို နွေရဲ့အစဖြစ်တဲ့ နွေဦးလေးကိုပဲ သဘောကျတတ်တဲ့ ကျွန်မက နွေဦးရဲ့အငွေ့အသက် လေနွေးနွေးလေးတွေ တစ်ဖြူးဖြူး တိုက်ခက်နေတဲ့ ညနေခင်းလေးမှာ ကျွန်မရဲ့အချစ်တော်ကလေးနဲ့ အတူတူ လမ်းလျှောက်ထွက်ခဲ့တဲ့ သာမန်ညနေခင်းကလေးတစ်ခုပေါ့။
အိမ်နဲ့အဝေးကြီးတွေထိတော့ ကျွန်မ လမ်းလျှောက်လေ့မရှိပါဘူး။ အိမ်ပတ်ဝန်းကျင်လေးက လမ်းမကလေးအတိုင်းပဲ မရိုးတဲ့ရှုခင်းလေးတွေကိုသာ ငေးရင်း လျှောက်မိတာမျိုးလေးပါပဲ။ ဒီလို နွေဦးညနေခင်းလေးတွေဆို ကျွန်မရဲ့အချစ်တော်လေးကို ရှေ့တော်ပြေးစေရင်းက နွေဦးရဲ့ ရသလေးတွေကို ခံစားလွင့်မျောကာ လမ်းလျှောက်နေကြမို့ ဒီနေရာဝန်းကျင်လေးတွေက ကျွန်မအတွက်တော့ မစိမ်းသက်သလို ထူးဆန်းတာတွေလည်း မရှိဘူးပေါ့။ မြင်ဖူးနေကြ မရိုးသွားတဲ့ ရှုခင်းလေးတွေက သမရိုးကျကိုသာ နှစ်သက်တတ်လွန်းတဲ့ ကျွန်မအတွက်တော့ ခုံမင်ဖွယ်ရာလေးပါပဲ။
ဒီနေ့ညနေခင်းလေးမှာလည်း ခါတိုင်းလိုပါပဲ ကျွန်မရဲ့အချစ်တော်ကလေး ဘေဘီ့ကို အိမ်ထဲကနေ ပွေ့ယူလာပြီးမှ ခြံပြင်ရောက်တော့မှသာ အောက်ကို ခပ်သာသာလေးချလိုက်မိပါတယ်။ မချပေးလို့လည်း မရအောင်ကို အောက်ဆင်းဖို့အတွက် ဒင်းကလေးက ပျာယာကိုခတ်နေတာကိုး။
ကျွန်မမှာ သူ့ကို မျက်မှောင်လေးတွန့်ကုတ်လို့သာ ကြည့်မိပြီး ..
“ အပြင်ရောက်တာနဲ့ အောက်ကို ချပေးမှာမှန်းသိရက်ကို ဘယ်လိုဖြစ်နေသလဲ ” လို့ ပြောမိပြီးတော့မှ အသာအယာလေးပဲ မြေပြင်ပေါ်ကို ချပေးလိုက်မိပါတယ်။
မြေပြင်ပေါ်ကို ရောက်သွားတာနဲ့ တစ်ပြိုင်နက်ပဲ ကျွန်မကို တစ်ချက်ကလေးပဲ မော့ကြည့်ပြီး ရှေ့ကနေ ခပ်သွက်သွက်ကြီးကို ပြေးတော့တာရယ်ပါ။
“ ဖြည်းဖြည်းနော် ဘေဘီ  ” လို့ သူ့နောက်ပါးကနေ ကပ်ပါလာတဲ့ကျွန်မရဲ့အသံကြောင့် တစ်ချက်တော့လှည့်ကြည့်လာသေးရဲ့။
ဒါပေမယ့်လည်း ဒီလိုအချိန်မှသာ အပြင်ထွက်ရတတ်သူပီပီ ကျွန်မကို ခဏလေးရပ်စောင့်ရုံသာစောင့်လို့ သူသွားနေကြဖြစ်နေတဲ့ လမ်းကလေးကို ရဲရဲဝံ့ဝံ့ကို သွားနေတော့တာပါပဲ။
“ ဟော .. လမ်းလျှောက်ထွက်လာကြပြီပေါ့ ” လို့ နှုတ်ဆက်သူက တစ်ဖုံ ..
“ အချိန်ကို မှန်နေတာပဲနော် ” ဆိုတဲ့ နှုတ်ဆက်ခြင်းက တစ်မျိုး ..
“ ဟော ဘေဘီလေး .. ဖြည်းဖြည်းလျှောက်နော် ” ဆိုတဲ့ နှုတ်ဆက်သူက တစ်သွယ်နဲ့ ကျွန်မတို့ကို မျက်မှန်းတန်းနေကြပါတဲ့ လမ်းမတစ်လျှောက်က လူတွေရဲ့ မရိုးသော နှုတ်ဆက်ခြင်းတွေကို ခေါင်းလေးသာ ဆက်ပြ အသိအမှတ်ပြုကြောင်း ပြမိပြန်သေးတာ။
နွေဦးရဲ့ရသလေးကိုလည်း ခံစားရင်း ကျွန်မရဲ့ဘေဘီလေးကိုလည်း မျက်ခြေပြတ်မသွားအောင် ကြည့်ရင်း ခြေလှမ်းကိုလည်း မနှေးမမြန်ကလေးနဲ့ ခပ်မှန်မှန်လျှောက်လို့နေတုန်းမှာပဲပေါ့ ကျွန်မရဲ့ မျက်နှာချင်းဆိုင်လေးကနေ လူတစ်ယောက် လမ်းလျှောက်လာတာကို သတိပြုမိလိုက်ပါတယ်။
ဟောဒီလမ်း၊ ဟောဒီဝန်းကျင်၊ ဟောဒီနေရာအနီးအနားလေးမှာ ကျွန်မအတွက် တစ်ခါဆို တစ်ခါလေးမျှတောင်မှ မမြင်ဖူးသေးသောသူမို့ သတိတပြုလေးနဲ့ မျက်လုံးလေးက ရောက်သွားရပေမယ့်လည်း သေချာတော့ မကြည့်မိလိုက်တာမို့ ဘယ်လို ပုံစံ ဘယ်လိုသဏ္ဍာန်နဲ့ လူလဲဆိုတာတောင် တကယ်ကို မသိလိုက်မိတာ အမှန်ပါပဲ။
ပြီးတော့ သူရော ကျွန်မကို လှမ်းကြည့်လိုက်သေးလားဆိုတာကိုလည်း ကျွန်မ တကယ် မသိလိုက်ပါဘူး။
ဒီနေရာနဲ့ စိမ်းသက်နေတဲ့ လူဆိုတဲ့ အသိတစ်ခုနဲ့သာ ဖျက်ခနဲ ကြည့်မိပြီး ဆန့်ကျင်ဘက်လိင်မို့ ချက်ချင်း မျက်လုံးအကြည့်ကို ပြန်လွှဲလိုက်မိတာမို့ပါလေ။
ဪ ..။
ဒါပေမယ့်လည်း မောင်နဲ့ ပတ်သတ်ခဲ့မိသွားတဲ့ အနာဂါတ်တစ်ခုမှာတော့ဖြင့် အဲ့ဒီနေ့က နွေဦးညနေခင်းလေးက အမှတ်တရရယ်လို့ သတိတရပြောစရာမယ်မယ်ရရမရှိလေတဲ့ ပထမဆုံး ဆုံတွေ့ခဲ့ခြင်းရယ်လို့ မောင်က မှတ်မှတ်ရရ ပြောခဲ့တဲ့အချိန်ခဏမှာ ကျွန်မမှာ အံဩခဲ့မိသေးတာပေါ့ မောင်ရယ်။
အဲ့ဒီလို သာမန်အဖြစ်အပျက်လေးကိုတောင်မှ တစ်မှတ်တစ်မိရှိလှတဲ့မောင်က အမှတ်တရ များစွာကိုတော့ မေ့မသွားလောက်ဘူးလို့တော့ ကျွန်မ မျှော်လင့်ကြီးစွာ တွေးမိပါရဲ့။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
     ချစ်ခြင်းများစွာဖြင့်
          ရွှေ

မချစ်ရက်သူထံသို့Where stories live. Discover now