"ဘာလုပ်တာလဲ! ဘယ်သူက ခင်ဗျားကို ဝင်ခွင့်ပေးလို့လဲ"
"မင်းအခန်းထဲ ကိုယ်အရင်က အကြိမ်များစွာ ဝင်ဖူးပါတယ်.. ဘာလို့ ဒီလောက်စိတ်တိုနေတာလဲ"
အီလီယိုက အခန်းထဲကို တစ်ပတ်ပတ်ကြည့်ပြီး စားပွဲပေါ်က ကော်ဖီခွက်ကို လှမ်းယူလိုက်သည်။
"ကိုယ်မင်းကို လွမ်းနေခဲ့တာ"
ထိုစကားတစ်ခွန်းက ဆန်းဝန်းရဲ့ ရင်ဘက်ကို တင်းခနဲ ဖြစ်သွားစေသည်။ နှစ်နှစ်လုံးလုံး မေ့ပစ်ဖို့ ကြိုးစားခဲ့တဲ့ ခံစားချက်တွေက တစ်ခါတည်း ပြန်လည်နိုးထလာသလို။
"ခင်ဗျားလိုလူရဲ့ လွမ်းတယ်ဆိုတဲ့ စကားကို အဖက်လုပ်နေမယ့်အစား အလုပ်နောက်ကျတာက ပိုကောင်းဦးမယ်"
ဆန်းဝန်းက အိတ်ကိုလွယ်ကာ တံခါးဆီကို လျှောက်သွားသည်။
"ကျွန်တော်သွားတော့မှာ.. အခုချက်ချင်း ထွက်သွားပေး"
လီယိုက ပြုံးလိုက်ပြီး ဆန်းဝန်းရဲ့ အနောက်ကနေ လိုက်လာကာ တံခါးဝတွင် ရပ်လိုက်သည်။
"ကိုယ်အောက်မှာ စောင့်နေမယ်.. လိုက်ပို့ခွင့်ပေးပါ.. ကိုယ် တောင်းဆိုပါတယ်"
"ခင်ဗျားတောင်းဆိုတာကို လုပ်ပေးရအောင် ကျွန်တော်တို့က ဘာမလို့.."
စကားမဆုံးခင် လီယိုက ဆန်းဝန်းရဲ့ ပုခုံးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး နားနား ကပ်ကာ လေသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။
"ရည်းစားဟောင်းတွေပေါ့"
ဆန်းဝန်း တစ်ကိုယ်လုံး တောင့်တင်းသွားပြီး နှလုံးခုန်သံက ပုံမှန်မဟုတ်တော့ဘူး။ ဒီလိုက တကယ်ကြီး သူ့ကို စိတ်ဒုက္ခပေးဖို့ ပြန်လာတာပဲ။
"ကျွန်တော် ဒီထပ်ပိုပြီး ရိုင်းရိုင်းစိုင်းစိုင်း မပြောမိခင် ပြန်လိုက်ပါတော့ အီလီယို.. ကျွန်တော်တို့က ပတ်သတ်စရာအကြောင်းမရှိတော့တဲ့လူတွေ"
ဆန်းဝန်းတစ်ချက်တိုက်ကာ ဆင်းသွားခဲ့သည်။ အောက်ရောက်တော့ သူ့ကားပေါ်သူ မြန်မြန်တက်ပြီး မောင်းထွက်လာခဲ့သည်။
ဒီနေ့လည်း အီဆန်းဝန်းတစ်ယောက် ကံမကောင်းပါ။
ဒီလိုနဲ့ အီလီယိုက နှစ်ရက်လောက်တော့ ပျောက်သွားခဲ့သည်။
