မနက်မိုးလင်းတော့ ဆန်းဝန်း Alarm မမြည်ခင်ကတည်းက လန့်နိုးလာသည်။
ညက အီလီယိုကို block လိုက်ပြီး နောက်ပိုင်း ဘာအနှောက်အယှက်မှ ထပ်မလာတော့တာမို့ စိတ်သက်သာရာ ရပေမယ့် တစ်ခုခုကို ကြိုတင်စိုးရိမ်စိတ်ကတော့ ရှိနေဆဲပင်။
'ဒါပဲလေ Block လုပ်လိုက်တာက အကောင်းဆုံးပဲ'
ကော်ဖီတစ်ခွက်နှင့်အတူ မနက်စာကို အေးဆေးစွာစားပြီး အလုပ်သွားဖို့ ပြင်ဆင်နေစဉ် ဖုန်းဝင်လာသည်။
"ဟယ်လို ဂွန်နူး... ငါအခုအလုပ်သွားတော့မလို့.. ဟုတ်တယ် မနေ့ကကိစ္စ ဘာမှမဖြစ်တော့ဘူး Block ပြီး ပစ်ထားလိုက်ပြီ"
ဖုန်းပြောနေရင်းနှင့် အပြင်ထွက်ဖို့ တံခါးဖွင့်လိုက်တော့ မျက်စိရှေ့မှာ ရပ်နေတဲ့မြင်ကွင်းကြောင့် ဆန်းဝန်းရဲ့ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဂွန်နူး.. ငါနောက်မှ ဖုန်းဆက်လိုက်မယ်"
ဖုန်းချပြီးနောက် တံခါးဝမှာ ခန့်ညားစွာရပ်နေတဲ့ လူကို မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
"ခင်ဗျားက ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ"
အီလီယိုက သူ့ပုံစံအတိုင်း ခပ်အေးအေးပြုံးကာ ဆန်းဝန်းရဲ့လက်ထဲက ဖုန်းကို ကြည့်လိုက်ပြီး၊
"ဖုန်းဆက်တာ မရလို့ လိုက်လာတာ.. မနက်စာစားပြီးပြီလား"
"စားပြီးပြီ ဘာကိစ္စရှိလို့လဲ"
ဆန်းဝန်း ဒေါသကို ထိန်းချုပ်ရင်း မေးလိုက်သည်။
ဒီလူက တကယ်ကြီး ရူးနေတာပဲ။ မနေ့က ထပ်မတွေ့ချင်ဘူးလို့ ပြောထားတာကို နည်းနည်းလေးမှ မရှက်ဘူးလား။
"မင်းအလုပ်သွားမလို့မလား.. ကိုယ်လိုက်ပို့ပေးချင်လို့"
"မလိုပါဘူး! ကျွန်တော့်မှာ ကားရှိတယ်... ခင်ဗျား အခုချက်ချင်း ထွက်သွားပေးရင် ကောင်းမယ်"
ဆန်းဝန်း တံခါးကို ပြန်ပိတ်ရန် ကြိုးစားသော်လည်း အီလီယိုက ခြေထောက်ဖြင့် တားဆီးကာ တံခါးကို ဆွဲဖွင့်လိုက်ပြီး အခန်းထဲကို ဝင်လာသည်။
